စစ်တပ်လေကြောင်းရန်ကြောင့် လေးကေ့ကော်စစ်ဘေးရှောင်တွေ စစ်ရှောင်စခန်းဖျက်ပြီး အရေးပေါ် နေရာရွေ့ပြောင်းနေထိုင်နေရ
_By - People's Radio Myanmar
Date - 20 March 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ကို စစ်အုပ်စုကစစ်ဆင်ရေးအရှိန်မြှင့်တိုက်ခိုက်နေလို့ လေး ကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ အင်ကြင်းမြိုင်အပါအဝင်ကျေးရွာ၁၃ ရွာကဒေသခံစစ်ဘေး ရှောင်၄၀၀၀ကျော်နေထိုင်နေတဲ့ ပလော့တပို့ စစ် ရှောင်စခန်းကနေ အရေးပေါ်နေရာရွေ့ပြောင်းနေထိုင် နေရတယ်လို့ PRMက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ၁၄ရက်က ကာမီကာဇေအသေခံဒရုန်းနဲ့ လေးကေ့ကော်စစ်ရှောင်စခန်း(ပလော့တပို့) နေရာကိုတိုက်ခိုက်ခံရလို့ စစ်ရှောင်ဒေသခံတစ်ဦးသေဆုံး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နောက်ပိုင်းစစ်ရှောင်စခန်းအနီးဝန်းကျင်နေရာတွေကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးအပြင် လေယာဉ်ဗုံးကြဲတာတွေ ဆက်ရှိနေတာကြာင့်အခုလို နေရာရွေ့ပြောင်းနေရတာလို့စစ်ဘေးရှောင်စခန်းနေထိုင်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
"ဖလူးသုံးထပ်ကွေ့ လမ်းပိုင်းကနေရာတွေအထိစစ်တပ်က ဗုံးကြဲလာပြီဆိုတော့ နေ့တိုင်းကိုယ့်စစ် ရှောင်နေရာလဲ ဘယ်တော့တိုက်ခံရမလဲ ကြောက်ကုန်ပြီ၊ အခု ပစ်ခတ် နေတဲ့ နေရာနဲ့ က နီးနီး လေး မှာတိုက်ပွဲ ဖြစ်နေတာဆိုတော့ သောင်ရင်းမြစ်ဘေးတွေကို စစ်ရှောင်တဲတွေဖျက်ပြီးနေရာရွေ့တဲပြန်ထိုး နေတာတွေလည်းရှိတယ် တချို့လည်း တစ်ခြားရွာဘက်တွေ ကားနဲ့ပြောင်းကုန်တာလဲရှိတယ်" လို့ပြောပါတယ်။
လတ်တလောမှာတော့ ဖလူးလေးကျေးရွာ ရွှေတိဂုံပုံတူဘုရားကုန်းနေရာနဲ့ သုံးထပ်ကွေ့ လမ်းပိုင်း ကျွန်းတော ကျားဖျန့်ဆိုဒ်၊ အုပ်ဖိုကျားဖျန့်ဆိုဒ်နေ ရာတွေမှာ KNLA မဟာမိတ်တပ်တွေနဲ့ စစ်တပ်စစ်ကြောင်းတွေ တိုက်ပွဲဆက်ဖြစ်နေပါတယ်။
အခုလိုနှစ်ဖက်တိုက်ပွဲ ဖြစ်နေရာနဲ့ သောင်ရင်းမြစ်နားက စစ်ရှောင်တွေနေရာဟာ နီးကပ်နေတာကြောင့် မပြောင်းရွေ့ကြသူတွေဟာ နေ့ဘက်ရောညဘက်ပါသောင်ရင်းမြစ်ဘေးခြုံတောနဲ့ သဲသောင်ပြင်တွေမှာ အမိုးအကာလုံခြုံမှုမရှိဘဲ နေထိုင်စစ်ရှောင်နေရပါတယ်။
"စစ်တပ်ကပစ်ထည့်လို့ ကျပေါက်တာတွေက နီးနီးလေးကြားနေရတာမနေရဲဘူးလေ၊ သူတို့သုံးထပ်ကွေ့ လမ်းကို တက်လာဖို့ တိုးနေတာ ဖလူးမှာ တင်ရပ်နေတော့ပစ်တာအကြီးသက်သက်ဘဲဒရုန်းချ၊လက်နက်ကြီးပစ်၊လေယာဉ်ကြဲဆိုတော့ တရုတ်ကျားဖျန့်တွေလည်းပြေးကုန်ပြီ၊သူတို့တိုက်တွေလည်း မီးလောင်ကုန်ပြီအဲ့ဘက်ကိုဘယ်သူမှမသွားရဲကြဘူး" လို့ လေးကေ့ကော်ဒေသခံစစ်ရှောင်တစ်ဦးက ပြောပါတယ်။
ဒီကနေ့မတ်လ၂၀ ရက်နေ့ မှာတော့ နှစ်ဖက်တိုက်ပွဲသံငြိမ်သက်နေပြီး ကင်းထောက်ဒရုန်းပျံသန်းကင်းထောက်နေတာကတော့ ပုံမှန်ရှိနေကြောင်း ၊ မြေပြင်စစ်ရှောင်မိသားစုများအနေဖြင့် စားသာက်စရာ ရိက္ခာရရှိ ရေးအတွက်ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်က တစ်ပိုင်တစ်နိုင်လာရောက်မျှဝေတဲ့ စားသောက်စရာတွေကို အားထားနေရပြီး ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့သိရပါတယ်။
0 Comments