ကရင်ပြည်နယ်အတွင်း ဓါတ်ဆီပြတ်လတ်နေပြီး မှောင်ခိုဈေးကွက်မှာတစ်လီတာ ကျပ်၁၅၀၀၀အထိ ဈေးတက်လာနေ
_By - People's Radio Myanmar
Date - March 19, 2026
ကရင်ပြည်နယ်အတွင်းက စက်သုံးဆီဆိုင် တွေမှာ မတ်လ ၁၅ရက် နောက်ပိုင်းကစပြီး ဓါတ်ဆီအရောင်းပြတ်နေလို့ ဆီမှောင်ခိုဈေးကွက်မှ ဓါတ်ဆီတစ်လီတာကျပ်၁၅၀၀၀အထိ ဝယ်ယူအသုံးပြုနေရတယ်လို့ ဖားအံဒေသခံတွေက PRM ကိုပြောပါတယ်။
လက်ရှိဖားအံက စစ်အုပ်စုဆီလိုင်စင်ရစက်သုံးဆီဆိုင်တွေမှာ ဆီရောင်းချတာကို စုံရက်၊မရက် ကန့်သတ်ရောင်းချနေသော်လည်း ဓါတ်ဆီကို လိုသလောက်စစ်အုပ်စုက ဖြန့်ဝေနိုင်ခြင်းမရှိတာကြောင့် ဓါတ်ဆီပြတ်လတ်နေပြီး ပြင်ပမှောင်ခိုရောင်းတဲ့နေရာတွေကနေ ဝယ်ယူအသုံးပြုနေရတယ်လို့ ဖားအံ သုံးဘီးမောင်းသူတစ်ယောက်က PRM ကို ပြောပါတယ်။
ဖားအံမှာ ဓါတ်ဆီပုံးဝါလီတာ၂၀တစ်ပုံးကို ၂သိန်း ၈သောင်းကျော် ၃သိန်းနီးနီးပေးဝယ်နေရပြီ၊ လက်လီဆီမပြည့်တဲ့ ရေသန့်ဗူးနဲ့ တစ်လီတာကို ၁၅၀၀၀ ခွဲ ပေးရတယ်၊ သုံးဘီးတွေက ဆီဆိုင်မှာ ဆီဝယ်လည်း ၂သောင်းဖိုးလောက်ရောင်းပေးဖို့ကို မနည်းပြောရတယ်၊ အခုရက်ကတော့ 95 ဆီ မရတာ များတယ်၊ 91 ဆီတောင်မနည်းရှာထည့်နေရတယ်လို့ ပြောပါတယ်။
အခုလိုအခြေအနေမှာ ဖားအံမြို့တွင်း အခြေအနေဖြစ်ပြီး ဖားအံမြို့ပြင်ပ ကျေးရွာအုပ်စုများဘက်တွင် လိုင်စင်မဲ့ကား အသုံးပြုသူတွေအတွက် ဆီဝယ်ယူခွင့်မပေးဘဲ ဖမ်းဆီးသိမ်းဆည်းတားမျိုးတွေ စစ်အုပ်စုကလုပ်လေ့ရှိနေတာကြောင့် ကား၊ ဆိုင်ကယ်အသုံးပြုသွားလာဖို့ အခက်အခဲဖြစ်ကုန်လို့ ထုံးအိုင်ကျေးရွာဒေသခံက ပြောပါတယ်။
" ရွာက ဆီဆိုင်ကလည်း စစ်တပ်နဲ့နားလည်မှုလုပ်ပြီး တစ်ဆင့်ပြန် ရောင်းတဲ့ ဆိုင်တွေလေ၊ ဆီဈေးကပုံမှန်မရှိဘူး၊ ဖားအံနဲ့ နှစ်ထောင်ကနေ ငါးထောင်လောက် ဈေးကွာတယ်၊ ကိုယ့်ကားကိုယ် သွားတန်းပြီးထည့်တော့လည်း ဆီဆိုင်မှာ ရဲကဝပ်သောက်ကားဆိုပြီး ဖမ်းသိမ်းတယ်ဆိုတော့ ရွာက ဆိုင်ကယ်တွေကားတွေ ကျောင်းသွား၊အလုပ်သွားနဲ့ ဟိုသွားဒီသွားဖို့လာဖို့က ခက်ကုန်ပြီလေဟု ထုံးအိုင်ရွာသားက ပြောပါတယ်။
လတ်တလော ဖားအံ၊ မော်လမြိုင်နဲ့ သထုံမြို့လမ်းပိုင်းက ဆီဆိုင်ကြီးတွေမှာလည်း ကုန်ကားအပါအဝင် အရပ်သုံးကား၊ ဆိုင်ကယ်များဆီထည့်ရန် ညဘက်အထိ တန်းစီစောင့်ဆိုင်းဝယ်ယူနေရသည့် အခြေအနေဖြစ်နေပြီး စုံရက်၊ မရက်ကန့်သတ့် ရောင်းချမှူ၊ ကျူအာကုဒ်စနစ်နဲ့ စစ်ဆေးရောင်းချမှုတွေကြောင့် အများစုမှာမှောင်ခိုဈေးနဲ့ ဆီဝယ်ယူနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
0 Comments