ဘားအံ သိုက်တောရွာ က BGF တပ်ဖွဲ့ရဲ့ ကျားဖြန့်လောင်စာဆီကူး စက်လှေဂိတ်ကိုအကြမ်းဖက်စစ်တပ်ကဗုံးကြဲ
_By - People's Radio Myanmar
Date - January 13, 2025
ကရင်ပြည်နယ် ဘားအံမြို့နယ်အပိုင် သံလွင်မြစ်ကြောင်းဘေးက သိုက်တောရွာ အခြေစိုက် ကရင်နယ်ခြားစောင့်တပ် BGFရဲ့ စက်လှေဖောင်ကူးဂိတ်ကိုဇန်နဝါရီလ၁၂ ရက်ညနေ၃ နာရီကျော်အချိန်က အကြမ်းဖက်စစ်တပ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား၁ဦးသေဆုံးပြီး BGFတပ်ဖွဲ့ဝင်နဲ့ အရပ်သားပေါင်း၆ဦးထိခိုက်ဒဏ်ရာရတယ်လို့ PRMက ကနဦးသိရပါတယ်။
အဲဒီ စက်လှေဖောင်ကူးဂိတ်ဟာမြန်မာပြည်တွင်းကနေ ရွှေကုက္ကိုနဲ့ မြဝတီမြို့ဘက်ကကျားဖြန့်တရုတ်ငွေလိမ်ဂိုဏ်းတွေအတွက်လောင်စာဆီအဓိက သယ်ယူတဲ့သံလွင်မြစ်ကမ်းကူးဂိတ်ဖြစ်ပြီးစစ်ရေးတင်းမာမှုမရှိတဲ့နေရာကိုလေယာဉ်ဗုံးလာကြဲတာ အပြင်အသေခံဒရုန်းနဲ့ ပါ တိုက်ခိုက်သွားတာလို့သိုက်တောရွာသတင်းအရင်းအမြစ်ကပြောပါတယ်။
" ညနေပိုင်းအုန်းအုန်းဆိုပြီးပေါက်ကွဲသံတွေရွာဘက်က ၂ခါ ကြားရတယ်၊သိုက်တောနဲ့ ဥဒေါင်းဖောင်ကူးဆိပ်ဘက်ကို လေယာဉ်ဗုံးကြဲတာ ၄ လုံးကျတယ် ၊
ကာမီကာဇေနဲ့လည်း ကြဲတယ်၊စက်လှေဖောင်မောင်းတဲ့ရွာသားအစမှန်ပြီးသေတယ်၊ BGF ၃ယောက်လည်းအစမှန်ဒဏ်ရာရတယ်၊ကျန်တာကတော့ ဖောင်ဆိပ်ကလူတွေ၃ ယောက်အစထိတာနဲ့BGF တွေလဲ တချို့ နဲနဲပါးပါးထိကျတယ်" လို့ ပြောပါတယ်။
အဲဒီဗုံးကြဲဖြစ်စဉ်အပြီးမှာတော့ဘားအံ၊တောင် ကလေးရွာဘက်ကစစ်တပ်စစ်ကြောင်းကား၄စီးနဲ့ မိဇံ၊မင်းဇီ၊ပေါ့ထော်၊သိုက်တောရွာကိုကျေးရွာခြင်း
ဆက်လမ်းတွေကနေရောက်လာတယ်လို့ သိရပါတယ်။
အခုလိုလေယာဉ်နဲ့ ဗုံးကြဲတာဟာသိုက်တောရွာတစ်ဖက်ကမ်းက KNU တပ်မဟာ၁ နယ်မြေဝတ်ကြီးရွာဘက်ကမ်းကို အကြမ်းဖက်စစ်တပ် လေကြောင်းကလာကြဲရာကပစ်မှတ်မှားယွင်းပြီးကြဲချတာလို့လည်း BGF တပ်ဖွဲ့ နဲ့ နီးစပ်တဲ့ဝတ်ကြီးရွာသားတွေကပြောပါတယ်။
" ပထမ လေယာဉ်ပတ်ပျံ နေတာကဒီဘက်ကမ်းဝတ်ကြီးရွာဘက်မှာ ၊ဗုံးကျ တော့ဟိုဘက်ကမ်းသိုက်တော နဲ့ ဥ ဒေါင်းဘက်က BGF ဂိတ်ဘက်ကျပေါက်ကုန်တယ်၊ဒီဘက်ကမ်းဝတ်ကြီးဘက်အခြမ်းအောက်ဘက်မှာ က DKBA ဗိုလ်ဘိဂိတ်ရှိတယ်၊အပေါ် ဘက်မှာက KNU ဂိတ်ရှိတယ်၊ မြင်ကွင်းမှားပြီးကြဲသွားတာမျိုးဖြစ်နိုင်တယ်၊စစ်တပ်နဲ့ BGF ကညှိပြီးဆီပေးသယ်ထားတဲ့နေရာဆိုတော့ကြဲဖို့မဖြစ်နိုင်ဘူးလေ "
အခုလို လေယာဉ်ဗုံးကြဲတာဟာစစ်တပ်ထိမ်းချုပ်တဲ့ဘားအံသံလွင်တံတားကိုရှောင်ကွင်းပြီးမြိုင်ကလေးဝါးပိုးတာလမ်းပိုင်းကနေကျားဖြန့်တရုတ်ငွေလိမ်လုပ်ငန်းတွေဆီလောင်စာဆီသယ်နေတာနဲ့ မြဝတီဘက်ကထိုင်းကုန်စည်တွေပြည်တွင်းကိုတရားမဝင်ကမ်းကူးသယ်ဆောင်နေတာတွေကြောင့်လည်းဖြစ်နိုင်လို့ BGFတပ်နဲ့ နီးစပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကသုံးသတ်ပြောဆိုတာတွေလည်းရှိနေပါတယ်။
" စစ်တပ်ကဗိုလ်ချုပ်ဇော်မင်းထွန်းကပြောထားတယ် ၊ကျားဖြန့် ပတ်သက်တာတွေ ကို နှိမ်နှင်းမယ်ဆိုတာအခုကအောက်ကဆီကကျားဖြန့် အတွက် မြဝတီကိုတက်တယ်၊ထိုင်းကုန်တွေက BGF ကြက်ဥတောင်၊နဘူး၊ထီလုံလမ်းကဆင်းတယ်ဖားအံကိုမဝင်ဘူးဆိုတော့ အကောက်အခွန်စစ်တပ်ကမရဘူးလေ ၊အဲ့တာကို လမ်းကြောင်းပြတ်အောင်ဗုံးကြဲတယ်လို့ထင်ပါတယ်" ။
လက်ရှိဗုံးကြဲခံရတဲ့ လှေကူးဖောင်ဆိပ်ကမ်း နေရာဟာ မြိုင်ကြီးငူ အခြေ စိုက် BGFတပ်နယ် ဗိုလ်မှုးစိုးနိုင်ရဲ့လက်အောက်ခံ သံလွင်မြစ်ဖြတ်ကူးတဲ့BGFရဲ့အကောက်အစားစက်လှေဖောင်ကူးဂိတ်တွေဖြစ်တယ်လို့သိရပါတယ်။
အခုလိုလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး PRM အနေနဲ့ နယ်မြေဒေသထဲက သတင်းအရင်းအမြစ်တွေအပြင် KNLA တပ်ဘက်နဲ့ BGF တပ်ဘက်ကတာဝန်ရှိသူတွေကိုနောက်ဆက်တွဲအခြေအနေသိရဖို့စုံစမ်းနေပါတယ်။
အဲဒီ ဖြစ်စဉ်အပြီးမှာတော့ BGFတပ်ဘက်က အကြမ်းဖက်စစ်တပ်ကို တစ်စုံတစ်ရာစစ်ရေးအရ တုန့်ပြန်တာမျိုးမရှိသေးသလို ဗုံးကြဲခံရတာနဲ့ ပတ်သက်ပြီး BGFခေါင်းဆောင်ပိုင်းက သဘောထားထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။
#ဘားအံ
#BGF
#peoplesradiomyanmar
0 Comments