Hot Posts

6/recent/ticker-posts

ဘုရားသုံးဆူမြို့မှာ တရုတ်ကျားဖြန့် နဲ့ တရုတ်လုပ်ငန်းတွေ အများအပြားပေါ်ပေါက်လာနေ

 ဘုရားသုံးဆူမြို့မှာ တရုတ်ကျားဖြန့် နဲ့ တရုတ်လုပ်ငန်းတွေ အများအပြားပေါ်ပေါက်လာနေ


By - People's Radio Myanmar
Date - February 26, 2026

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ဘက်ကို တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေနဲ့ တရုတ်လုပ်ငန်း တွေ အခု ၂၀၂၆ခုနှစ် နှစ်ဆန်းပိုင်းမှာ အလုံးအရင်းနဲ့ရောက်လာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ မြဝတီမြို့ဘက်က တရုတ်ငွေလိမ်ခြံဝင်းတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်စီးတာတွေရှိလာပြီးနောက်ပိုင်း အဲ့ဒီဘက်က တရုတ်လုပ်ငန်းတွေ ဘုရားသုံးဆူဘက်ကို ပြည်တွင်းလမ်းကြောင်းနဲ့ ထိုင်းနိုင်ငံဘက်လမ်းကြောင်းတွေကနေ ရွှေ့ပြောင်းပြီး ဘုရားသုံးဆူမြို့ဘက်ပြောင်းလာကြတာလို့ အခြေအနေသိတဲ့ ဘုရားသုံးဆူမြို့ခံက PRMကို ပြောပါတယ်။

" တရုတ်ကျားဖြန့်တွေက DKBA ဗိုလ်အေဝမ်းအဖွဲ့တွေ ဗိုလ်ချစ်သူအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဒီဘက် ရောက်လာကြတာမျိုးရှိတယ်၊ ထိုင်းဘက်ကမ်းကလည်းဝင်လာတာထက် DKBA နဲ့ KNA အဖွဲ့တွေ နေရာရွေ့ပေးလို့ မြဝတီ−ကုက္ကိုလ်ဘက်ကနေ သုံးဆူကိုရောက်လာတာတွေပိုများတယ်၊ အခု ကျားဖြန့် တရုတ်ကလည်းခြံတွေ၊ ဝင်း‌တွေနဲ့ ဖြစ်လာပြီ" လို့ ပြောပါတယ်။

အခုလို သုံးဆူမြို့ဘက်မှာ တရုတ်ကျားဖြန့်လုပ်ငန်းတွေများလာတာနဲ့ ပတ်သက်ပြီး ဒေသခံတွေအိမ်ဌား၊ ခြံဌား၊ မြေဌားတာတွေ အလုပ်ဖြစ်နေပြီး အဆောက်အဦးအသစ်လုပ်ငန်းတွေ ပိုတွေ့လာရတယ်လို့ သိရပါတယ်။

ဒါအပြင် ဘုရားသုံးဆူမြို့တွင်းနဲ့ မြို့ပြင်နေရာတွေအထိပါ တရုတ်ကျားဖြန့်ငွေလိမ်လုပ်ငန်းနေရာတွေနဲ့ တရုတ်နိုင်ငံသားတွေ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အတူအနေအထိုင်အသွားအလာပိုများလာတယ်လို့ ဒေသခံယာဉ်လိုင်းကားမောင်းသူက ပြောပါတယ်။

" သုံးဆူက အခုတော်တော်လေးများလာတယ်၊ DKBA ဗိုလ်အေဝမ်းပန်းခြံနဲ့ မက္ကသာရေတံခွန်၊ မက္ကသာရွာဘက်နဲ့ တိုင်တစ်ရာကျောင်းဘက်၊ မိ‌ချောင်းကန်ဘက်တွေမှာ အဆောက်အဦးအသစ်တွေများလာပြီ၊ စားသာက်ဆိုင်၊ စတိုးဆိုင်၊ အနှိပ်ခန်းတွေ၊ တရုတ်‌ဈေးဆိုင်တွေလည်း လမ်းမတန်းနေရာတွေမှာ ဖွင့်ကြတာများလာပြီ၊ DKBA အဓိကကတော့ လုံခြုံ ရေးပေးထားတာပါ့နော်၊ တစ်ခါတစ်လေလည်း BGF နဲ့သွားတာတွေ့တယ်၊ KNAနဲ့သွားလာတာလည်း တွေ့နေရတယ်" လို့ပြောပါတယ်။

အဲ့ဒီလို ဘုရားသုံးဆူမြို့ဘက်ကို ထိုင်းနိုင်ငံဘက်ကနေ တရုတ်ကျားဖြန့်လုပ်သူတွေ ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက စောင့်ကြည့်ဖမ်းဆီးတာမျိုးတွေလဲ ရှိနေပါတယ်။

ဒါအပြင် မြန်မာပြည်တွင်း ကြာအင်းဆိပ်ကြီး၊ ဖားအံ၊ မော်လမြိုင်လမ်းကြောင်းက လာသူတွေကိုတော့ အကြမ်းဖက်စစ်တပ်၊ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးတာမျိုးမရှိဘဲ ဘုရားသုံးဆူမြို့ကို သွားလာလို့ရနေတယ်လို့ သိရပါတယ်။


Post a Comment

0 Comments