တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်က ပထမဆုံးအကြိမ် ကာမေကာဇေအသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်းပျက်စီး
−
By−နော်အယ်နီး
Date- December 19, 2025
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝထိန်ရွာကို စစ်ကော်မရှင်တပ်က ပထမဆုံးအကြိမ် ကာမေကာဇေအသခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၇ရက်နေ့၊ ညနေ ၃နာရီဝန်းကျင်လောက်မှာ မော်တုန်းရွာအခြေစိုက် အမတ ၃၀၆တပ်ရင်းကနေ ပထိန်ရွာရှိ ခရစ်ယာန်ဘုးရားကျောင်းထဲကို ကာမေကာဇေဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ တနင်္သာရီဒေသခံတစ်ဦးက ဆိုပါတယ်။
“ တိုက်ပွဲမဖြစ်ဘူး။ အဲ့ရွာက အတွင်းဘက်ကျတဲ့ရွာ။ တစ်ခါမှအဲ့လိုမဖြစ်ဖူးဘူး” လို့သူက အခုလိုပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းဆောင်ပျက်စီးသွားခဲ့ပြီး ဒေသခံထိခိုက်တာမျိုးတော့ မရှိဘူးလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
အဆိုပါကျေးရွာဟာ တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတာဖြစ်ပြီး တိုက်ပွဲမဖြစ်တာလည်း ၂နှစ်နီးပါးလောက်ရှိပြီဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဘက်က အခုလိုတိုက်ခိုက်မှုကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြပြီး ပြည်သူတွေကို အကြောက်တရားရိုက်သွင်းတာမျိုး ဖြစ်နိုင်တယ်လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။
“ အဲ့လိုမျိုးတိုက်ခိုက်တာ ပထမဆုံးလို့ ပြောလို့ရတယ်။ ရွာသားတွေကတော့ ကြောက်တာပေါ့၊ ထုံးစံအတိုင်း ပြည်သူတွေကို အကြောက်တရားရိုက်သွင်းတာဖြစ်မယ်”လို့သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ရှိ ဘန်းလမွတ်ကျေးရွာထဲကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ခြံထဲရှိ တဲတစ်ဆောင် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ပုံ− စစ်တပ်ကတိုက်ခိုက်တဲ့ကာမေကာဇေဒရုန်း
0 Comments