Hot Posts

6/recent/ticker-posts

လောင်းလုံးမြို့နယ်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုသားတစ်ဦးသေဆုံး၊ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

 လောင်းလုံးမြို့နယ်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုသားတစ်ဦးသေဆုံး၊ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

By−နော်အယ်နီး

Date- December 29, 2025


တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာလ ၂၈ရက်နေ့၊ မနက် ၇နာရီလောက်မှာ စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲကျင်းပနေချိန် ထားဝယ်မြို့ပေါ်မှာ ပေါက်ကွဲမှုအချို့ ဖြစ်ပွားပြီးခဲ့တဲ့ အချိန်လောက်ကစပြီး စစ်ကော်မရှင်တပ်တွေဘက်က လောင်းလုံးမြို့နယ်ထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေခဲ့တာဖြစ်တယ်လို့ လောင်းလုံးဒေသခံတစ်ဦးက ဆိုပါတယ်။ 

“ လက်နက်ကြီးက ထားဝယ်ဘက်ကလည်းပစ်တယ်၊ နခံတောရွာ ရပ်ခတ်တောင်ထက်မှာ  တပ်စွဲထားတဲ့ စစ်တပ်တွေကနေလည်း ပစ်တယ်။ လုံးဝမနားတမ်းပစ်နေတာ” လို့သူက အခုလိုပြောပါတယ်။ 

စစ်ကော်မရှင်တပ်တွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေထဲက တစ်လုံးကတော့ လောင်းလုံးမြို့နယ်ထဲရှိ ထိန်တွင်းကျေးရွာထဲကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၀အရွယ်ရှိ ဦးစိုးတင့်ဆိုသူရဲ့ နံရိုးကို လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

“ သူက လမ်းထိပ်မှာစကားပြောနေတုန်း အနီးကို လက်နက်ကြီးလာကျတာ။ ပွဲချင်းပြီးသွားတာမျိုးမဟုတ်ဘူး။ ခဏတဖြုတ်နေမှဆုံးသွားတာ။ချက်ချင်းဘဲ့ သင်္ဂြိုလ်လိုက်တယ်” လို့သူက ပြောပါတယ်။ 

တခြားလက်နက်ကြီးကျည်တစ်လုံးမှာ တောင်မင်းပြောင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦးရဲ့ ဝမ်းဗိုက်မှာ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် မနက် ၉နာရီလောက်ကလည်း ပြင်းထိန်ရွာရှိ ဘုန်းကြီးကျောင်းထဲ ၆၀မမ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော်ရဲ့ ခြေထောက်မှာ ကျည်စထိမှန်ကာ ဘုန်းကြီးကျောင်းပိုင်ကားတစ်စီး ပျက်စီးသွားခဲ့တယ်လို့ ပြင်းထိန်ရွာခံတစ်ဦးက ဆိုပါတယ်။ 

“ ဆရာတော်မှာတော့ ဒဏ်ရာမပြင်းထန်ဘူး။ ခြေမျက်စိနားမှာ လာစင်တာ။ ကားကတော့ ဆီတိုင်ကီပေါက်တယ်။ ကားမှန်တွေကွဲသွားတယ်” လို့သူက ပြောပါတယ်။ 

ရွေးကောက်ပွဲပြုလုပ်နေချိန်အတွင်း စစ်ကော်မရှင်တပ်တွေဘက်က လောင်းလုံးမြို့နယ်ထဲကို လက်နက်ကြီး အလုံး ၂၀နဲ့အထက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

ထားဝယ်မြို့ပေါ်ရှိ တနင်္သာရီတိုင်းအစိုးရဖွဲ့ရုံးနဲ့ မြို့တော်ခန်းမအသစ်အနီးဝန်းကျင်တွေမှာလည်း ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။ 

“ ပေါက်ကွဲသံက ရှေ့ဆက်နောက်ဆက်ဘဲ့။ ရုံးကြီးနားက ပေါက်ကွဲသံထွက်ပြီး ၅မိနစ်လောက်နေတော့ မြို့တော်ခန်းမနားကထွက်တာဘဲ့။ လက်နက်ကြီး၊ လက်နက်ငယ်အသံတွေလည်း ဆူနေတာဘဲ့” လို့သူက ပြောပါတယ်။ 

ထားဝယ်မြို့ပေါ်ရှိ မဲရုံတွေမှာတော့ မဲပေးသူတွေ အသင့်အတင့်လောက်သာရှိပြီး စိုးရိမ်စိတ်တွေကြောင့်သာ မဲသွားပေးရသူပိုမျာတယ်လို့ ဒေသခံတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ 



ပုံ−လောင်းလုံးမြို့နယ်

Post a Comment

0 Comments