မဲဆောက်ဆီဆိုင်တွေ တစ်မနက်ခင်းမှာတင် ဆီအရောင်းကုန်လို့ ဆိုင်ပိတ်ချထား၊ ဆီဖြည့်လိုရင် မနက်၅နာရီ လာတန်းစီဟုပြော
_By - People's Radio Myanmar
Date - 21 March 2026
ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့က စက်သုံးဆီဆိုင်ကြီးတွေ တစ်မနက်ခင်းမှာတင် ဆီအရောင်းကုန်လို့ ဆိုင်ပိတ်ချထားရတဲ့အခြေအနေရှိနေတယ်လို့ မတ်လ၂၁ရက်မနက်ပိုင်း ဆီဝယ်ယူနေကြတဲ့ ယာဉ်မောင်းတွေကပြောပါတယ်။
မဲဆောက်မြို့က လောင်စာဆီဆိုင်တွေမှာ ဆီထည့်ဖို့ ကုန်ကား၊ အိမ်စီးကားနဲ့ လုပ်ငန်းသုံးဖို့ စက်သုံးဆီဝယ်ယူမယ့်ကားတွေညဘက်ကတည်းက တန်းစီစောင့်ဆိုင်ပြီး ဆီဝယ်ယူနေရတာကြောင့် ဆီဆိုင်ဖွင့်ချိန် မနက်၆နာရီကနေ ရောင်းချပေးတာမှာ မနက် ၉နာရီဝန်းကျင်လောက်မှာ ဆီအရောင်းကုန်ပြီး ဆိုင်ပိတ်ရတယ်လို့ ဆီဆိုင်ဝန်ထမ်းမြန်မာလူငယ်တစ်ဦးက ပြောပါတယ်။
" ဆီက PTT ဆိုင်ဘဲ ဆီအဝင်ရှိတယ်ကျန်တဲ့ဆိုင်တွေ ဆီအဝင်သိပ်မရှိဘူး၊ ညထဲကတန်းစီထားတော့ မနက်ဆိုင်ဖွင့်ချိန်မှာ စရောင်းတာခဏဘဲ ၉နာရီဆို ဆီမျိုးစုံအကုန်ကုန်ပြီ၊ ဆီလိုချင်ရင် တော့ မနက်၅နာရီ လောက်လာတန်းစီမှရမယ်၊ တစ်နေကုန်ဆိုင်ပိတ်ချထားရတယ် ၊ ဆီဆိုင်အခွဲ လေးတွေကတော့ လကုန်အထိ ဆိုင်ပိတ်ချထားပြီ အရောင်းမရှိတာ့ဘူး" ဟု PTTဆီဆိုင်ဝန်ထမ်းက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ PTT, Bangchak ၊ Shellစက်သုံးဆီဆိုင်ကြီးတွေ တစ်မနက်ခင်းမှာတင် အရောင်းပြတ်ကုန်ပြီး ရပ်ကွက်နဲ့ မြို့တွင်းက ဆီဆိုင်ခွဲအသေးတွေကတော့ ဧပြီလကုန်အထိဆိုင်ပိတ် ကြောင်း စာကပ်ကြေငြာအသိပေးထားတာ တွေ့ရပါတယ်။
လတ်တလော မဲဆောက်မြို့ဘက်မှာ စက်သုံးဆီဝယ်လိုအားများနေပြီး မြန်မာကားတွေဆီရောင်းမပေးဖို့ တိုင်တန်းတာတွေနဲ့ ဆီကို ဘတ်၅၀၀ဖိုးဘတ်၃၀၀ဖိုးသာကန့်သတ်ပြီး ရောင်းချတာ၊ အိမ်သုံးခြံသုံးဖို့ ဆီပုံးနဲ့ ပေးမရောင်းတာမျိုးတွေရှိနေတာကို ထိုင်းအာဏာပိုင်တွေထံ တိုင်ကြားတာတွေရှိနေလို့ ထိုင်းအာဏာပိုင်အဖွဲ့တွေဆီဆိုင်တွေမှာလိုက်ပြီး စစ်ဆေးစောင့်ကြည့်တာမျိုးတွေအထိ ဖြစ်လာနေပါတယ်။
0 Comments