Hot Posts

6/recent/ticker-posts

စစ်တွေတွင် ဒေသခံများကို စစ်ကောင်စီက သံသယဖြင့် ဖမ်းဆီးမှုများပြားလာ

စစ်တွေတွင် ဒေသခံများကို စစ်ကောင်စီက သံသယဖြင့် ဖမ်းဆီးမှုများပြားလာ

_

By - အန်နာ
Date - March 23,2026

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေသည့် စစ်တွေမြို့တွင် ဒေသခံများကို အာရက္ခတပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးမှုများ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ပထမပတ်မှစတင်ကာ ယခုအချိန်ထိ ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးပြီး တရားစွဲဆိုမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်တွေဒေသခံတစ်ဦးက ဆိုသည်။

“အခုက ကုလားရွာဘက်တွေမှာ ဒေသခံတွေကို ဖမ်းဆီးမှုတွေ ပိုဖြစ်လာတယ်။ ရဲနဲ့ စစ်သားတွေ ပူးပေါင်းပြီး မသင်္ကာရင် မသင်္ကာသလို ဖမ်းဆီးတာမျိုးတွေ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင်လည်း စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာနှင့် မင်းဂံရပ်ကွက်ဘက်မှ ဒေသခံ ၅ ဦးခန့်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

“မင်းဂံဘက်နဲ့ သဲချောင်းဘက်က လူတွေကိုလည်း ဖမ်းခေါ်သွားတယ်။ ပြန်လွတ်လာတာမျိုးတော့ မရှိသေးဘူး။ မိသားစုတွေကလည်း စိုးရိမ်နေကြတယ်။ ဘယ်နေ့ ပြန်လွတ်လာမလဲဆိုတာလည်း မသိရသေးဘူး” ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီသည် စစ်တွေမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အပြင် ဒေသခံများကို မကြာခဏ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် မြို့ခံများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေသည်။



Post a Comment

0 Comments