Hot Posts

6/recent/ticker-posts

မြိတ်မြို့မှာ ရပ်ကျေးထောက်ခံစာပါမှ လေယာဉ်စီးခွင့်ရ

 မြိတ်မြို့မှာ ရပ်ကျေးထောက်ခံစာပါမှ လေယာဉ်စီးခွင့်ရ

By−နော်အယ်နီး

Date- October 13, 2025


တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်ကောင်စီတပ်က ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာပါမှသာ လေယာဉ်နဲ့ ခရီးသွားလာခွင့်ပြုတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 


မြိတ်မြို့ကနေ တခြားမြို့တွေကို ခရီးသွားမဲ့သူတွေအနေနဲ့ ရပ်ကျေးထောက်ခံစာလိုအပ်ပြီး တခြားမြို့နယ်တွေကနေ မြိတ်မြို့ကို လာမဲ့သူတွေအနေနဲ့လည်း ထောက်ခံစာလိုအပ်တယ်လို့ လေယာဉ်လတ်မှတ်အရောင်းဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ 


“ တနင်္သာရီတိုင်းမှတ်ပုံတင်မဟုတ်ရင် ထောက်ခံစာယူလာမှရပါမယ်။ လတ်မှတ်ဝယ်တဲ့အချိန်မလိုဘူး။ လေယာဉ်ကွင်းထဲရောက်မှ စစ်တာ။ မနက်ဖြန်သွားမယ်ဆို ဒီနေ့လောက်ကတည်းက သွားယူရတာပေါ့” လို့သူက အခုလိုပြောပါတယ်။ 


အခုလို ထောက်ခံစာပါမှ လေယာဉ်စီးခွင့်ပြုတာကို အောက်တိုဘာလ ၉ရက်နေ့က စတင်ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ 


အခုလက်ရှိမှာတော့ မြိတ်−ရန်ကုန် လေယာဉ်လတ်မှတ်တစ်စောင်ကို ၅၂၅,၀၀၀ကျပ်ပေးဝယ်နေရပြီး လေယာဉ်ကွင်းထဲမှာလည်း တင်းကြပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ မြိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ 


“ မှတ်ပုံတင်ကြည့်ပြီး စစ်ဆေးမေးမြန်းတာကွာတယ်။ အမျိုးသားတွေကတော့ ပိုဆိုးတာပေါ့။ ဘယ်နေ့ပြန်လာမှာလဲ။ ဘာသွားလုပ်မှာလဲ အစသဖြင့်ပေါ့ အမျိုးမျိုးမေးတယ်။ မိန်းကလေးတွေကတော့ တော်ရုံအစစ်မခံရဘူး။ စစ်မှုထမ်းကြောင့် အဲ့လိုလုပ်တယ်လို့ဘဲထင်တယ်” လို့သူက ပြောပါတယ်။ 


ထားဝယ်မြို့နဲ့ ကော့သောင်းမြို့တွေမှာတော့ လေယာဉ်နဲ့ခရီးသွားဖို့ ရပ်ကွက်ထောက်ခံစာ မလိုအပ်သေးဘူးလို့ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 


“ ကျမဟိုနေ့ကဘဲ့ ရန်ကုန်သွားတာ။ ဘာထောက်ခံစာမှတော့ မတောင်းဘူး။ အဲ့လိုမျိုးလည်း မကြားမိသေးဘူး” လို့သူက ပြောပါတယ်။ 


၂၀၂၁ အာဏာမသိမ်းခင်ကာလက ပြည်သူတွေအနေနဲ့ လွတ်လပ်စွာ ခရီသွားလာခွင့်ရရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ သက်ဆိုင်ရာ ရပ်ကျေးထောက်ခံစာရှိမှသာ ခရီးသွားလာခွင့်ပြုတော့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။



ပုံ− မြိတ်မြို့လေယာဉ်ကွင်း

Post a Comment

0 Comments