Hot Posts

6/recent/ticker-posts

ချောက်ချောင်းရွာက နေအိမ်တွေကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီး

 ချောက်ချောင်းရွာက နေအိမ်တွေကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီး



By − နော်အယ်နီး
Date - November 11, 2025

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်တွေဘက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၉ရက်နေ့၊ နေ့လည်ပိုင်းလောက်မှာ သရက်ချောင်းမြို့နယ်ထဲကို အင်အား ၃၀၀ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်သံတွေ၊ ဒရုန်းနဲ့ ဗုံးသီးချတဲ့အသံတွေကို ကြားခဲ့ရတယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ဗုံးပေါက်သံအရင်ကြားတယ်။ ပြီးမှ နှစ်ဖက်ပစ်တဲ့အသံတွေထွက်လာတာ။ ပစ်တာကလည်း ခဏဘဲ့။ ၅မိနစ် ၁၀မိနစ်လောက်ဘဲ့ရှိတယ်” လို့သူက အခုလိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာတော့ စစ်ကော်မရှင်တပ်တွေဟာ ချောက်ချောင်းရွာထဲကို ဝင်ရောက်ပြီး ရွာထဲကနေအိမ် ၁၀လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“ မီးရှို့ပြီးတော့ ရွာထဲကလူတွေကိုလည်း ဖမ်းသွားသေးတယ်။ ဝင်းဝကိုရောက်သွားတဲ့အချိန်မှ လွှတ်ပေးလိုက်တာ” လို့သူက ပြောပါတယ်။

နိုဝင်ဘာလ ၉ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ကျမတို့ People’s Radio Myanmarအနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိ သေးပါဘူး။

နှစ်ဖက်တိုက်ပွဲနဲ့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ချောက်ချောင်း၊ ဆင်ကူး၊ ဆင်ကျန်း၊ လဘ၊ ပိတိုင် စတဲ့ရွာတွေကို ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်ရှိ လဘရွာက နေအိမ် ၄၀နီးပါးကို စစ်ကော်မရှင်တပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေရဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။



ပုံ− ချောက်ချောင်းရွာကမီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်များ

Post a Comment

0 Comments