စစ်တပ်က ထီးဖိုးစံရွာတိုက်ပွဲ ၁၀ရက်အတွင်း လူ၆၀ကျော်သေဆုံးပြီး ဒဏ်ရာရသူများလို့ မြေပြင်စစ်ကြောင်းပြန်ဆုတ်ထားပြီး လက်နက်ကြီးနဲ့ ဆက်ပြီးပစ်ခတ်နေ
−By − People's Radio Myanmar
Date- November 10, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်း ထီးဖိုးစံရွာဘက်တွင် KNLA မဟာမိတ်တပ်များက အကြမ်းဖက်စစ်တပ်ကို နိုဝင်ဘာ၁ရက်ကနေ ၁၀ရက်အထိ တိုက်ခိုက်တာမှာ အကြမ်းဖက်စစ်သား၆၀ ကျော်သေဆုံးပြီး၊ ၃၀ကျော်ထိခိုက်ဒဏ်ရာရသွားပြီးနောက် မြေပြင်ကစစ်ကြောင်းတွေနောက်ပြန်ဆုတ်ထားရတယ်လို့ KNLA စစ်ဖက်သတင်းအရင်းအမြစ်က ပြောပါတယ် ။
အဲ့ဒီသေဆုံးထိခိုက်တဲ့ အကြမ်းဖက်စစ်တပ်စစ်သားတွေဟာ နဘူးရွာ အခြေစိုက် ခမရ ၅၄၇၊ ၅၄၈၊ ၅၄၉ တပ်ရင်းက စစ်သားတွေအပြင် ကျုံဒိုးမြို့ဘက်က DKBA ဗိုလ်ဘိ၊ BGF မြလှိုင်တပ်သားတွေပါဝင်တဲ့
ပူးပေါင်းစစ်ကြောင်းက စစ်သားတွေဖြစ်တယ်လို့ သိရပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး KNLA စစ်ဖက်သတင်းအရင်းအမြစ်က " သူတို့ စစ်တပ်အုပ်စု တွေပြီးခဲ့တဲ့လထဲ ကနေ အခု ဒီလ လေးငါးရှစ်ရက်အထိကတောက်လျှောက်တိုး လာတာ၊ ကျတာလည်း ငါးဆယ် ခြောက်ဆယ်ကျော်ပြီ၊ထိလို့ပြန်သယ် တာလည်း သုံးဆယ် လောက်ရှိတယ်၊ ဗိုလ်ဘိ လူလည်းပါတယ်၊ မြလှိုင်BGFလူလည်းပါတယ်၊ သူတို့တက်လာတာ၊ အခုတော့ ထီးဖိုးစံ အပြင်ဘက်ကို ပြန်ဆုတ်သွားပြီးငြိမ်နေတယ်၊ လက်နက်ကြီးနဲ့ တော့ ၂၃၀ တပ်ဘက်က ပစ်တယ် " လို့ ပြောပါတယ်။
အဲ့ဒီလို စစ်ရေးရှုံးနိမ့်နေတဲ့ တိုက်ပွဲအခြေအနေအပေါ် ဘားအံ တပ်မ ၂၂ နဲ့ ဘားအံပေါ်တော်မူကြာအင်းဆရာတော်လက်အောက်ခံ DKBA တပ်တွေ ကျုံဒိုးမြို့ဘက်ကို စစ်ကူနဲ့ ခဲယမ်းတွေထပ်ပြီး ပို့လာတယ်လို့ ကျုံဒိုးဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
" စကမအုပ်စုတွေ ဘားအံ တပ်မ၂၂ ကရော၊ ကြာအင်းပေါ်တော်မူဘက်က DKBAရောဆိုရင် လူတစ်ရာကျော်မယ် ၊ အလုံပိတ်ကား ၆စီးနဲ့ ဂျိုင်းတံတား ကိုရောက်ပြီး၊ ခမရ ၅၄၅၊ ၅၄၆ထဲ ဝင်လာတယ်၊ ပြီးတော့ထီးဖိုးစံဘက်၊ ကော့ကရိတ်ဘက်ဆက်ပို့တယ်" လို့ မျက်မြင်တွေ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး PRMကို ပြောပါတယ်။
လက်ရှိ နိုဝင်ဘာ ၁၀ရက်နေ့ ကော့ကရိတ်နယ်မြေခံတွေ သတင်းပေးပို့ချက်အရကတော့ ထီးဖိုးစံရွာဘက်ကို ကော့ကရိတ်အခြေစိုက်၂၃၀ တပ်၊ ၉၇ တပ်တွေကနေ ထီးဖိုးစံရွာ ကြက်မောက်ခြံကုန်းဘက်ကို လက်နက်ကြီး နာရီခြားပြီး ပစ်ခတ်မှုဆက်ရှိနေပြီး မြေပြင်စစ်ကူနဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေကတော့ ရှေ့တိုးတိုက်ခိုက်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။
0 Comments