Hot Posts

6/recent/ticker-posts

တော်လှန်ရေးခရီးကြမ်းလှိုင်းလုံးတွေထဲက စလော့ဂိမ်းအန္တရာယ်

 တော်လှန်ရေးခရီးကြမ်းလှိုင်းလုံးတွေထဲက စလော့ဂိမ်းအန္တရာယ်


ဖိုးသား

စာရေးသူဖြတ်သန်းသွားလာဖူးတဲ့ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အများဆုံးမြင်တွေ့ခဲ့ရတာ၊ မြင်တွေ့နေရတာက အထက်အရာရှိပိုင်းကနေ အောက်ခြေရဲဘော်တွေအထိ လူစုဖွဲ့ပြီး ဂိမ်းဆော့နေကြတဲ့ ဌာနေ(စုရပ်)တွေပဲ ဖြစ်ပါတယ်။ တချို့က အင်တာနက်ဆိုင်(Star Link)တွေမှာ ငွေကြေးပေးပြီး သွားရောက်ဆော့ကစားတာတွေကို မြင်တွေ့ခဲ့ရသလို အချို့ကလည်း Star Linkရတဲ့ ဌာနေတွေ၊ နေအိမ်တွေမှာ သွားရောက်ဆော့ကစားကြတာပါပဲ။

အဲဒီဂိမ်းကတော့ လက်ရှိ မြန်မာနိုင်ငံက လူငယ်တွေကြားထဲမှာ ရေပန်းစား၊ ဆော့ကစားမှုအများဆုံးဖြစ်တဲ့ PUBG၊ Mobile Legendsစတဲ့ ဂိမ်းတွေမဟုတ်ပါဘူး။ ကျွဲဂိမ်းလို့ လူသိများတဲ့ စလော့ဂိမ်းပဲ ဖြစ်ပါတယ်။ အေးဂျင့်တွေဆီကနေတဆင့် KBZ Pay၊ Wave Moneyစတဲ့ ငွေလွှဲဝန်ဆောင်မှုတွေနဲ့ ငွေကြေးထည့်သွင်း ကစားရတဲ့ ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ရံဖန်ရံခါ စိတ်လှုပ်ရှားမှုပေးပြီး ငွေကြေးအမြောက်အများ ပြန်လည်ထုတ်ယူလို့ရတဲ့ ဂိမ်းဖြစ်တာကြောင့် အောက်ခြေရဲဘော်တွေကနေ အထက်အရာရှိပိုင်းအထိ တွင်တွင်ကျယ်ကျယ်ဆော့ကစားနေကြတာ ဖြစ်ပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အောက်ခြေရဲဘော်တွေကနေ အထက်အရာရှိအဆင့်ရှိသူတွေဟာ မိသားစုနဲ့ မိတ်ဆွေတွေထံကနေ ကိုယ်ပိုင်သုံးစွဲရန်အတွက် ငွေကြေးထောက်ပံ့မှုနည်းပါးကြသလို အလုပ်လုပ်ကိုင်ပြီး ကိုယ်ပိုင်ငွေကြေးရှာဖွေခွင့် မရှိကြသူတွေ ဖြစ်တာကြောင့် စလော့ဂိမ်း(ခေါ်)ကျွဲဂိမ်းဟာ တော်လှန်ရေးရဲဘော် တွေအတွက် ပစ်မှတ်တစ်ခု ဖြစ်လာနေတာပါ။

“တချို့ကလည်း ရှိသမျှ ပိုက်ဆံတွေကို ပိုရချင်လို့ ထည့်ဆော့ကြတာပဲ။ အိမ်က တစ်လကို ၂သောင်း၊၃သောင်းပဲ ထောက်ပံ့နိုင်တဲ့ ရဲဘော်တွေဆိုရင် သူတို့ရဲ့ တစ်ကိုယ်ရည်စာ အသုံးစရိတ်က မလောက်ဘူး‌လေ။ အဲဒီတော့ ရလိုရငြား ဆော့ကြတာပဲ။ အဲဒီကနေ ဂိမ်းစွဲသွားကြတာ။ ပိုက်ဆံရှိပြီဆိုတာနဲ့ K Payထည့်ပြီးတော့ ဂိမ်းပဲ ဆော့တော့တာ။ ကျန်တာက နောက်မှပဲ စဉ်းစားကြတော့တယ်”လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှ ပျောက်ကျားတပ်ဖွဲ့တစ်ခုရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဇီးရိုးက ပြောပါတယ်။

စာရေးသူနဲ့ ရင်းနှီးတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်ပကဖအတွင်းရေးမှူးဆိုပါက စာရေးသူနဲ့အတူ စကားပြောရင်း၊ စလော့ဂိမ်းဆော့ကစားရင်းကနေ သိန်း ၃၀ကျော် ရရှိတာကို မြင်တွေ့ခဲ့ရပြီး အဲဒီလို မြူဆွယ်မှုတွေက စလော့ဂိမ်းမဆော့ကြဖူးတဲ့ ရဲဘော်တွေရဲ့ လောဘစိတ်ကို ဆွဲဆောင်နေတာ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ နောက်နှစ်ရက်အကြာမှာပဲ အဆိုပါအတွင်းရေးမှူးဟာ ၃နာရီအတွင်း စလော့ဂိမ်း ဆော့ရာကနေ သိန်း ၂၀ကျော် ကုန်သွားတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ကျွဲဂိမ်းပျံ့နှံ့မှုပုံစံက တပုံစံတည်း ဖြစ်နေတာပါ။ မိမိနဲ့ အသိတကျွမ်း မရှိတဲ့သူတွေကနေမှ K-pay၊ Wave Money လိုက်လံချေးယူမှုတွေကို စာရေးသူအပါအဝင် တော်လှန်ရေးမှာ ထောက်ပို့လုပ်နေတဲ့ လူတွေက ခပ်စိပ်စိပ်ကြုံလာရပါတယ်။ အရင်တုန်းကတော့ စာရေးသူကိုယ်တိုင် ချေးပေးတာတွေ လုပ်တာမျိုး ရှိခဲ့ပေမယ့် ခပ်စိပ်စိပ်ကြုံလာရတာမျိုး၊ ပြန်မဆပ်တာမျိုး ခဏခဏကြုံလာရတဲ့အခါမှ နီးစပ်သူတွေကနေ လိုက်လံစုံစမ်းကြည့်လိုက်တော့ ကျွဲဂိမ်းဆော့ကစားဖို့ ချေးယူတာမျိုးတွေ ဖြစ်နေတော့ ထပ်မံချေးပေးတာမျိုး မလုပ်ပေးတော့ပါဘူး။

“အောက်ခြေရဲဘော်တွေက အိမ်ကနေ ပိုက်ဆံမရရအောင် တောင်းတယ်။ လိုအပ်တာ ဝယ်ဖို့ထက် လက်ထဲကို ပိုက်ဆံရောက်လာရင် ကျွဲဂိမ်းအရင်ပြေးဆော့ကြတာ။ အထက်အရာရှိတွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင် ဆော့နေကြတာဆိုတော့ တားလို့မနိုင်ဘူးဖြစ်နေတာ။ နောက်ပြီးတော့ ရှုံးသွားခဲ့အခါ ပိုက်ဆံတွေကို လိုက်ချေးပြီး ဆော့တော့ မနိုင်တာကြာလာတဲ့အခါ အကြွေးတွေများလာတယ်။ အကြွေးထဲမှာ နစ်လာတာ ကြာတဲ့အခါ လူက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ လူမှုရေးပြဿနာတွေ ဆက်တိုက်ကြုံလာကြရတာပေါ့။ တားဆီးဖို့ကလည်း လက်ရှိအနေအထား မလွယ်တော့ပါဘူး”လို့ ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
အောက်ခြေရဲဘော်တွေကနေ အထက်အရာရှိပိုင်းအထိ စွဲစွဲလန်းလန်း ဆော့ကစားတာတွေ ဖြစ်တာကြောင့် တပ်ရင်း၊ တပ်ဖွဲ့အတွင်းမှာ ငွေကြေးပြဿနာတွေလည်း အများကြီးကြုံတွေ့နေရတာတွေ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသလို အခွန်ကိစ္စတွေ၊ အမှုဖြေရှင်းတဲ့အခါတွေမှာလည်း လာဘ်စားတွေကို မကြာခဏ ကြားနေ ရပါတယ်။

ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေက နေရာတချို့မှာ စလော့ဂိမ်းအပါအဝင်၊ ဖဲဝိုင်း၊ လေးကောင်ဂျင်ဝိုင်း၊ ကြက်ဝိုင်းနဲ့ ၂လုံးထီ၊ ၃လုံးထီ၊ ဘောလုံးပွဲလောင်းကစားတာတွေကို ပိတ်ပင်တာမျိုးတွေရှိနေပေမယ့် ကျွဲဂိမ်း(ခေါ်)စလော့ဂိမ်းတွေဟာ အင်တာနက်လိုင်း ရရှိပါက အလွယ်တကူ Downloadလုပ်လို့ ရနေတဲ့ မိုဘိုင်းအပလီဂေးရှင်းတွေ ဖြစ်နေတာကြောင့် ထိထိရောက်ရောက် ပိတ်ပင်တားဆီးဖို့ မလွယ်နေပါဘူး။

ဒီကျွဲဂိမ်းကို အချိန်မရွေး uninstall လုပ်ပြီး အချိန်မရွေး install ပြန်လုပ်လို့ရတာကြောင့် သိသာတဲ့ ထိရောက်မှုမရှိတာဟာ ပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သလို အရေးယူမှုတွေကို ထိရောက်အောင် မပြုလုပ်သေးတဲ့ စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်ပါတယ်။

အဲ့ဒီဒေသတွေမှာ လူငယ်၊ လူကြီးပိုင်းအရွယ်ရှိသူတွေဟာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲတာ၊ အလွန်အကျွံ သောက်သုံး သုံးစွဲတာတွေ ရှိပေမယ့် ကျွဲဂိမ်းရဲ့ အန္တရာယ်ကတော့ အဲဒီအရာတွေထက် ပိုမိုဆိုးဝါးပါတယ်။ စာရေးသူဖြတ်သန်းသွားလာဖူးတဲ့ ဒေသတွေမှာ အရက် မသောက်ရမနေနိုင်၊ မူးယစ်ဆေးဝါးတစ်ရက် မသုံးစွဲရမနေနိုင်တဲ့ လူအနည်းစုကို တွေ့မြင်ခဲ့ဖူး၊ တွေ့မြင်နေရဆဲ ဖြစ်ပေမယ့် ကျွဲဂိမ်းမဆော့ရ မနေနိုင်တဲ့ လူတွေကိုတော့ အများအပြား တွေ့မြင်နေရပါတယ်။

“ဂိမ်းဆော့လို့ ရှုံးသွားရင် ကိုယ့်ဖုန်းကို ပေါင်ပြီး တခြားသူရဲ့ ဖုန်းနဲ့ သွားတောင်းဆော့တာမျိုးအထိ ဆိုးဆိုးရွားရွား တွေ့ဖူးတယ်။ အခုထိလည်း တွေ့နေရတုန်းပဲ။ မြောက်ပိုင်းမှာ ဖုန်းအင်တာနက်လိုင်းမရတော့ ကိုယ့်ဌာနေနဲ့ အဝေးကြီးသွားရတဲ့ Star Linkဆိုင်တွေအထိ သွားဆော့ကြတာမျိုးက နေ့တိုင်းမြင်တွေ့နေရတာပဲ။ ကိုယ်က ဆော့လို့ ရှုံးသွားရင် သူငယ်ချင်းတွေနားလိုက်ချေးတယ်။ ချေးလို့မရရင် သူငယ်ချင်းတွေရဲ့ အိမ်တွေကို မရရအောင် တောင်းခိုင်းတဲ့အထိ အတော်ဆိုးတယ်”လို့ လို့ ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

ကျွဲဂိမ်းစွဲလမ်းမှုပြဿနာဟာ တော်လှန်ရေးရပ်ဝန်းမှာသာမက ဒေသတွင်းလူထုတွေရဲ့ ပတ်ဝန်းကျင်မှာလည်း အတော်လေးကို ဆိုးရွားတဲ့ ပြဿနာတရပ်အဖြစ် တည်ရှိနေပြီး ဒီပြဿနာတွေကို လက်ပိုက်ကြည့်နေတာက လည်း စစ်ကော်မရှင်(ယခင်-စစ်ကောင်စီ)ဖြစ်ပါတယ်။ လူထုတွေ တော်လှန်ရေးအပေါ် အာရုံစူးစိုက်မှု လျော့နည်းစေဖို့အတွက် စစ်ကော်မရှင်ဟာ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီနည်းလမ်း တွေထဲမှာ စလော့ဂိမ်းအပါအဝင် လောင်းကစားနည်းလမ်းပေါင်းစုံကို ဖမ်းဆီးအရေးယူတာမျိုးမရှိပဲ အဲဒီလောင်းကစားလုပ်ငန်းတွေ တည်ထောင်သူတွေနဲ့ လုပ်ကိုင်သူတွေထံကနေ ငွေကြေးရယူပြီး တရားဝင်သဘောမျိုး ခွင့်ပြုပေးနေတာပါ။

ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားလာတော့ စာသင်ကျောင်းတွေပိတ်၊ ကလေးသူငယ်၊ လူငယ်လူရွယ်တွေ ထွက် ပေါက်ပိတ်တော့ အိမ်ထဲမှာသာ ဂိမ်းနဲ့အဖော်ပြုတာဟာ အပြစ်မဆိုသာပါဘူး။ ဒါပေမယ့် တော်လှန်ရေးရပ်ဝန်းနဲ့ တော်လှန်လူထုအကြားမှာတော့ စလော့ဂိမ်းစွဲလမ်းမှု အခြေအနေဟာ တဖြည်းဖြည်း မြင့်တက်လာနေပြီး လူငယ်တွေရဲ့ ဘဝကို ဝါးမျိုဖို့ ကပ်ဆိုက်လာပြီဖြစ်ကြောင်းနဲ့ ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဆန္ဒပြုရင်း…..



Post a Comment

0 Comments