အရှေ့တောဒေသမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် ကားသမားအပါအဝင် ၂ဦးသေဆုံး ၅ဦးဒဏ်ရာရ
−
By−နော်အယ်နီး
Date- July 22, 2025
တနင်္သာရီတိုင်း၊ ထားဝယ်အရှေ့တောဒေသ၊မေတ္တာမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကားသမားအပါအဝင် ၂ဦးသေဆုံးပြီး ၅ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ဆီကနေ သိရပါတယ်။
ဇွန်လ ၂၁ရက်နေ့၊ မနက် ၈နာရီလောက်မှာ အရှေ့တောဒေသ ဟိန္ဒူချောင်းရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့ဖြစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ မေတ္တာဗျူဟာ စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ KNU မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ဆိုပါတယ်။
“ KNLA ဂိတ်ကို စစ်တပ်က လာပစ်တော့ အဲ့မှာ တိုက်ပွဲဖြစ်နေတာ” လို့သူက အခုလိုပြောပါတယ်။
ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ထားဝယ်မြို့ကိုသွားဖို့အတွက် ဟိန္ဒူချောင်းရွာမှာ လှေနဲ့ကူးနေတဲ့ ခရီးသည်တွေအနီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပဒိုစောအယ်နားက ဆက်ပြောပါတယ်။
“ ဟိန္ဒူချောင်းတံတားမှာက ရေကြီးနေတော့ လှေနဲ့ကူးတာ။ကမ်းနားရောက်ပြီးတော့မှ ကားနဲ့ ခရီးဆက်ရမှာပေါ့။ လှေကမ်းကပ်ပြီးတဲ့အချိန် လက်နက်ကြီးထိတာ” လို့သူက ပြောပါတယ်။
လက်နက်ကြီးကြောင့် ပကာရီ−ထီးခီးကားမောင်းနေတဲ့ အသက် ၃၉နှစ်အရွယ် မေတ္တာဒေသခံ ကိုရန်နိုင်နဲ့ ခရီးသည်အမျိုးသမီးတစ်ဦးတို့ သေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတွေကို စစ်ဆေးဖို့ဆိုကာ ဖမ်းဆီးသွားပြီး ဇူလိုင်လ ၂၁ရက်နေ့၊ ညနေပိုင်းမှာတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ KNU မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
“ စစ်သားတွေက တွေ့တဲ့လူတွေကို ဖမ်းတယ်။ ညနေမှာပြန်လွှတ်လိုက်တယ်။ ဖမ်းဆီးထားတဲ့ လူတွေဆီကနေ ပိုက်ဆံတွေ၊ ပစ္စည်းတွေ အကုန်ယူသွားတယ်” လို့ ဆိုပါတယ်။
အခုလက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ နီးစပ်ရာဆေးခန်းမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၈ရက်နေ့ကလည်း ကလိန်အောင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၃ဦးအပါအဝင် ၄ဦးသေဆုံးခဲ့ပါတယ်။
ပုံ − သေဆုံးသွားတဲ့ကားသမား
0 Comments