Hot Posts

6/recent/ticker-posts

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

 စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

By− နော်အယ်နီး

Date- July 23, 2025


တနင်္သာရီတိုင်း၊ လောင်းလုံးမြိုနယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဇူလိုင်လ ၂၂ရက်နေ့၊ နေ့လည် ၁၁နာရီခွဲလောက်မှာ ထားဝယ်မြို့ပေါ်ရှိ နတလရုံးနဲ့ အကောက်ခွန်ရုံးတွေမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ လောင်းလုံးမြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ လောင်းလုံးဒေသခံတစ်ဦးက ဆိုပါတယ်။ 


ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လောင်းလုံးမြို့နယ်၊ ပန်းတောပြင်ကျေးရွာက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၀ကျော်အရွယ်ရှိ ဦးဉာဏ်စော သေဆုံးခဲ့ပြီး အသက် ၃၀ကျော်အရွယ် သမီးဖြစ်သူကတော့ ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။ 


“ ဆုံးသွားတဲ့သူက အောက်ပိုင်းကြေသွားတယ်။ သမီးကတော့ လည်ပင်းမှာထိတာ။ ဦးဉာဏ်စောထိုင်နေတဲ့ နေရာကို တည့်တည့်လာကျတာ” လို့သူက အခုလိုပြောပါတယ်။ 


ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ အခုလက်ရှိ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ 


စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး နေအိမ်တွေပေါ် ဒရုန်းနဲ့ဗုံးသီးချတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာတွေကို ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။ 


ဇူလိုင်လ ၂၁ရက်နေ့ကလည်း အရှေ့တောဒေသမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 



ပုံ − လောင်းလုံးမြို့

Post a Comment

0 Comments