ရန်တောင်ရွာမှာ စစ်ကောင်စီတပ်က ပစ်သတ်ထားတဲ့ အမျိုးသားအလောင်းတစ်လောင်းတွေ့
−By_ နော်အယ်နီး
Date- July 22, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရန်တောင်ရွာမှာ စစ်ကောင်စီတပ်က ပစ်သတ်ထားတဲ့ အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင်လ ၁၉ရက်နေ့၊ မနက် ၉နာရီခွဲလောက်မှာ ရန်တောင်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ရန်တောင်ရွာက အမျိုးသားတစ်ဦးကို ဆိုင်ကယ်မောင်းပြေးတယ်လို့ဆိုကာ ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ ရန်တောင်ရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ အဲ့နေ့က သေနတ်ပစ်သံတွေကြားနေရတယ်။ ၁၀မိနစ်ကျော်တယ် ပစ်နေတာ။ အချက်ရေလည်းများတယ်။ သူတို့ကိုမြင်တော့ လှည့်ပြေးလို့ဆိုပြီးပစ်လိုက်တာ” လို့သူက အခုလိုပြောပါတယ်။
သေဆုံးသွားတဲ့သူဟာ အသက် ၄၀ဝန်းကျင်အရွယ်ရှိ ရန်တောင်ရွာဒေသခံ ကိုဝင်းအေးဆိုသူဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ဇူလိုင်လ ၂၀ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားတဲ့အချိန် သေဆုံးသူရဲ့အလောင်းကို ဘုန်းကြီးကျောင်းအနောက်က ခြံစည်းရိုးအနီးမှာ မြှုပ်ထားတာကို တွေ့ရှိခဲ့တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
“ တွေ့တွေ့ချင်းနေ့မှာဘဲ့ သင်္ဂြိုလ်လိုက်တယ်။ ခြံအစပ်နားမှာ မပေါ်တပေါ်မြှုပ်ခဲ့တာ” လို့သူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရန်တောင်ရွာထဲကို ဇူလိုင်လ ၁၄ရက်နေ့ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ဒေသခံတွေကို ဖမ်းဆီးကာ နေအိမ်တွေထဲက ပစ္စည်တွေကိုလည်း ခိုးယူသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖမ်းဆီးသွားတဲ့ ဒေသခံ၈ဦးကိုတော့ ရွှေဂူတံတားစစ်ဆေးရေးဂိတ်အရောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မေလက တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တာတွေကြောင့် ဒေသခံ ၁၃ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ FE5 Thanintharyi ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
0 Comments