Hot Posts

6/recent/ticker-posts

ထားဝယ်မြို့ပေါ်မှာ ဧည့်စာရင်းဝင်စစ်ပြီး လူငယ်အမျိုးသား၂ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီး

 ထားဝယ်မြို့ပေါ်မှာ ဧည့်စာရင်းဝင်စစ်ပြီး လူငယ်အမျိုးသား၂ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီး

By−နော်အယ်နီး

Date- July 5, 2025


ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းဝင်စစ်ပြီး လူငယ်အမျိုးသားနှစ်ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ 


ဇူလိုင်လ ၂ရက်နေ့ ညအချိန်လောက်မှာ ထားဝယ်မြို့ပေါ်ရှိ ဆန်းချီရပ်ကွက်နဲ့ ပိန္နဲတောရပ်ကွက်တွေမှာ ဆယ်အိမ်မှူးတွေအပါအဝင် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေဟာ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခဲ့တာဖြစ်တယ်လို့ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ 


အဲ့ဒီနောက် ပိန္နဲတောရပ်ကွက် နှင်းဆီလမ်းမှာနေထိုင်တဲ့ အသက် ၂၀အရွယ်အမျိုးသားတစ်ဦးကို စစ်မှုထမ်းသင်တန်းတက်ဖို့အတွက် ခေါ်ဆောင်သွားခဲ့တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 


“ အဲ့ဒီလမ်းကို တခါမှဝင်မစစ်ဖူးဘူး။ အဲ့အိမ်ရောက်မှ သူ့ကိုခေါ်သွားတာ။သူတို့မှာရှိတဲ့ စာရွက်နဲ့ တိုက်စစ်တယ်။ ပြီးရင်ခေါ်သွားတယ်။သူ့အိမ်ကလည်း လိုက်စုံစမ်းတာ ဘယ်မှာမရှိဘူး” လို့သူက အခုလိုပြောပါတယ်။ 


အဆိုပါ အမျိုးသားကို စစ်ကောင်စီတပ်က ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာကို ဇူလိုင်လ ၅ရက်နေ့အထိ မသိရသေးဘူးလို့ ဆိုပါတယ်။ 


ဒါ့အပြင် ဆန်းချီရပ်ကွက်က အမျိုးသားတစ်ဦးကိုလည်း ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆန်းချီရပ်ကွက်မှာ နေထိုင်သူက ပြောပါတယ်။ 


“ သူ့ကိုက ဘာလုပ်ဖို့ခေါ်သွားတယ်ဆိုတာ မသိရဘူးး ဘာအကြောင်းပြချက်မှ မရှိဘဲခေါ်သွားတယ်” လို့သူက ပြောပါတယ်။ 


စစ်ကောင်စီတပ်က စစ်မှုထမ်းအတွက် ဆင့်ခေါ်စာ ပို့ပြီးမှ စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပေမယ့် လက်တွေ့မှာတော့ လမ်းသွားလမ်းလာ လူငယ်တွေနဲ့ ထိုင်းမှ ပြန်ပို့လိုက်တဲ့သူတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတာပါ။ 


ပြီးခဲ့တဲ့ မတ်လ ၄ရက်နေ့ကလည်း ကမြောကင်းတံတားစစ်ရေးဂိတ်မှာ စစ်ကောင်စီတပ်က အမျိုးသား ၃ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်သွားပါသေးတယ်။ 


တနင်္သာရီတိုင်းအတွင်း စစ်မှုထမ်းစုဆောင်းခံရသူ ၁၀၀ကျော်ရှိပြီး အဆိုဒေသခံတွေကို စစ်သင်တန်းပေးဖို့အတွက် ရေလမ်းကနေ မြိတ်မြို့မှာရှိတဲ့ တပ်ရင်းတွေဆီကို ပို့ဆောင်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ 



ပုံ− စစ်မှုထမ်းသင်တန်းတစ်နေရာ

Post a Comment

0 Comments