တနင်္သာရီတိုင်းမှာ ဒူးရင်းသီးဈေးကောင်းမရတာကြောင့် ဒူးရင်းယိုလုပ်ရောင်းသူ များလာ
−By− နော်အယ်နီး
Date- July 4, 2025
ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ ဒူးရင်းသီးတွေ ဈေးကောင်းမရတာကြောင့် ဒူးရင်းယိုလုပ်ရောင်းသူ ပိုများလာတယ်လို့ ဈေးသည်တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
၂၀၂၄ခုနစ်၊ မနှစ်က ဒူးရင်းသီးအကြီးတစ်လုံးကို သောင်းဂဏန်းပေါက်ဈေးရှိပြီး ယခုနှစ်မှာတော့ ထောင်ဂဏန်းဝန်းကျင်သာ ရှိတော့တယ်လို့ ဒူးရင်းသီးရောင်းသူတစ်ဦးက ဆိုပါတယ်။
ဒေသထွက်ဒူးရင်းတွေကို မြို့ကြီးတွေဆီ တင်ပို့ရောင်းချလေ့ရှိပြီး အခုလက်ရှိမှာတော့ တိုက်ပွဲတွေနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တာကြောင့် သယ်ယူပို့ဆောင်လို့မရဘူးလို့ သိရပါတယ်။
“ ဒူရင်းသီးတွေက မနှစ်ကထက် ထက်ဝက်ဈေးထိုးကျသွားတာ။ အသီးကလည်း အရွယ်အစားပေါ်မူတည်ပြီးဈေးကွာသွားတာပေါ့။ မနှစ်က တစ်လုံးကို၁သောင်းဆိုရင် အခုက ၅ထောင်လောက်ဘဲ့ရတော့တယ်။ စသီးတဲ့အချိန်မှာ မိုးရွာတော့ အသီးတွေက ရေဝင်တယ်လေ” လို့သူက အခုလိုပြောပါတယ်။
ထားဝယ်မြို့နယ်က ဒူးရင်းခြံပိုင်ရှင် အချို့ကလည်း ဒူးရင်းသီးတွေကို ယိုထိုး ရောင်းနေပြီး ဒူရင်းယို တစ်ပိဿာကို ကျပ် ၃သောင်းကနေ ၅ သောင်းထိ ပေါက်ဈေးရှိတယ်လို့ သရက်ချောင်းမြို့နယ်က ဒူရင်းခြံပိုင်ရှင် တစ်ဦးက ပြောပါတယ်။
“ ယိုထိုးပြီးထားလိုက်တာက အကောင်းဆုံးဘဲ့ပေါ့နော်။ အကြာကြီးလည်း ထားလို့ရတယ်။ ယိုထိုးရတာတော့ အလုပ်များတာပေါ့။ အခုခြံရှင်တော်တော်များများ ယိုထိုးတော့တယ်။ အရင်လို တခြားမြို့တွေကို မပို့တော့ဘူး။ လမ်းမှာ ပုပ်တာနဲ့ ဘာမှမကျန်ဘူး” လို့သူက ပြောပါတယ်။
တနင်္သာရီတိုင်းမှာ ဒေသထွက် ဒူးရင်းမျိုးပင်များအပြင် ထိုင်းနိုင်ငံက ပြုပြင်ထားတဲ့ ဒူးရင်းပင်တွေကိုလည်း စိုက်ပျိုးလေ့ရှိတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ပုံ− CJ
0 Comments