ကမြောကင်းတံတားမှာ စစ်ကောင်စီတပ်က လူငယ် ၁၁ဦးကို ဖမ်းဆီးပြီး စစ်မှုထမ်းအတွက် စုဆောင်း
−
BY− နော်အယ်နီး
Date- August 1, 2025
ထားဝယ်မြို့နယ်နဲ့ လောင်းလုံးမြို့နယ်ကို ဆက်ထားတဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က လူငယ် ၁၁ဦးကို ဖမ်းဆီးပြီး စစ်မှုထမ်းအတွက် စုဆောင်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင်လ ၃၀ရက်နေ့ မနက်ပိုင်းလောက်မှာ လောင်းလုံးမြို့နယ်ဘက်ကနေ ထားဝယ်ဘက်ကို လာတဲ့ လူငယ် ၁၁ဦးကို ကမြောကင်းတံတား စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ အခုကမြောကင်းတံတားမှာ သူတို့သတ်မှတ်ထားတဲ့ အရွယ်ဆိုရင် ခေါ်ထားလိုက်တယ်။ မှတ်ပုံတင် တောင်းကြည့်တယ်။ အဲ့နေ့ကလည်း အဲ့လိုဘဲ့ တစ်ယောက်ပြီး တစ်ယောက် အဲ့လိုမျိုးခေါ်ထားလိုက်တာ” လို့သူက အခုလိုပြောပါတယ်။
အဲ့ဒီနောက် ဖမ်းဆီးထားတဲ့သူတွေကို စစ်ကောင်စီတပ်က ကားနဲ့ခေါ်ဆောင်သွားပြီး သပြေချောင်းရွာအခြေစိုက် ခမရ ၄၀၁တပ်ရင်းကို ပို့ဆောင်လိုက်တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ဇူလိုင်လ ၃၀ရက် ညနေပိုင်းမှာတော့ အဖမ်းခံရတဲ့သူတွေထဲက ၂ဦးကတော့ ပြန်လွတ်လာခဲ့ပြီး ကျန် ၉ဦးကိုတော့ စစ်မှုထမ်းသင်တန်းပို့ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ စစ်မှုထမ်းနဲ့အဖမ်းခံရသူတွေကို ပုလောမြို့နယ်နဲ့ ကျွန်းစုမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေဆီကို ရေလမ်းကနေ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း မြိတ်မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်က လူငယ်တွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးတာတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လာခဲ့တာကို ဒေသခံတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ပုံ− ကမြောကင်းတံတား
0 Comments