စစ်ကောင်စီတပ်က ကလိန်အောင်နဲ့ ကံပေါက်ဒေသကို ဆန်သယ်ခွင့်ကန့်သတ်
-
By- နော်အယ်နီး
Date- July 15, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကလိန်အောင်မြို့နဲ့ ကံပေါက်ဒေသဘက်ကို စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့် ကန့်သတ်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက မွန်ပြည်နယ်နဲ့ ထားဝယ်နယ်စပ်ရှိ မလွဲတောင်စစ်ဆေးရေးဂိတ်မှာ ဆန်တွေတင်ဆောင်လာတဲ့ ကံပေါက်ဒေသခံ ကားသမား ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ကံပေါက်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“ လွန်ခဲ့တဲ့ ရက်၂၀လောက်က မလွဲတောင်မှာ ဆန်ကား ၃စီးအဖမ်းခံလိုက်ရတယ်။ စစ်တပ်က စစ်တဲ့အချိန်မှာ ဘောင်ချာထဲက စာရင်းထက် ပိုနေလို့ ဖမ်းလိုက်တာ။ ကံပေါက်ကို ဆန်သယ်ခွင့်ပိတ်ထားတာက ကြာပြီ” လို့သူက အခုလိုပြောပါတယ်။
အဲ့ဒီနောက် အဖမ်းခံရတဲ့ ကားသမား ၃ဦးဟာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးမေးမြန်းတာကို ခံရပြီးနောက် ဇူလိုင်လ အစပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။
ပြန်လွတ်လာပြီးနောက်မှာတော့ ကံပေါက်ဒေသရှိ ဆန်ဆိုင်တွေအနေနဲ့ ဆန်ရောင်းမယ်ဆိုပါက ဆိုင်ဓာတ်ပုံနဲ့တကွ ရဲစခန်းမှာ ထောက်ခံစာ သွားယူရတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
“ အရင်ကတော့ ထောက်ခံစာ သွားယူရုံဘဲ့။ ထောက်ခံစာရှိမှ ဆန်သယ်လို့ ရတာ။ အခုက ဘယ်သူဘယ်နှအိတ် ဝယ်တယ်ဆိုတာကအစ စာရင်းတင်ပေးရတယ်” လို့ သူက ပြောပါတယ်။
အလားတူ ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်မှာလည်း ဆန်သယ်လာတဲ့ ကားတွေကို အရင်ကထက် တင်းကြပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
အခုလို ဆန်သယ်ယူခွင့်ကို အရင်ကထက် ပိုတင်းကြပ်လိုက်တာကြောင့် ဆန်ဈေးတွေမြင့်တက်နေပြီး ဆန်တစ်အိတ်ကို တစ်သိန်းကျော်ပေးဝယ်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
“ဆန်ဈေးတွေတက်လာတော့ ခက်ခဲတော့ ရှိလာကြတာပေါ့။ အခုဆို ကိုယ့်နယ်က ထွက်တဲ့ ဆန်ကို ပိုပြီး ဝယ်စားဖြစ်ကြတယ်” လို့ ကံပေါက်ဒေသခံက ဆိုပါတယ်။
တနင်္သာရီမြို့နယ်မှာလည်း ၂၀၂၂ခုနစ်လောက်ကတည်းက ဆေးဝါးနဲ့ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီတပ်က တင်းကြပ်ထားပါသေးတယ်။
ပုံ- ကံပေါက်ဒေသ
0 Comments