Hot Posts

6/recent/ticker-posts

နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကြောင်းထပ်မံတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၄ဦး အရှင်ဖမ်းမိ

 နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကြောင်းထပ်မံတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၄ဦး အရှင်ဖမ်းမိ


By−နော်အယ်နီး
Date- July 16, 2025

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်−ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေဘက်က ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ KNU ဆီကနေသိရပါတယ်။

ဇူလိုင်လ ၁၄ရက်နေ့၊ ညနေ ၆နာရီလောက်မှာ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကြောင်းကို မိကျောင်းလှောင်နဲ့ နတ်အိမ်တောင် ကြားမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော့ KNLA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ KNU မြိတ်−ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဆိုပါတယ်။

အဲ့ဒီနောက် ဇူလိုင်လ ၁၅ရက်နေ့၊ နေ့လည်မှာလည်း နောက်ထပ်တစ်ကြိမ် ထပ်မံ ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

နှစ်ရက်တာပစ်ခတ်မှုတွင်း စစ်ကောင်စီတပ်သား ၄ဦးကို လက်နက်ခဲယမ်းတွေနဲ့တကွ အရှင်ဖမ်းဆီးရမိပြီး ၄ဦးထဲက ၁ဦးကတော့ ထိခိုက်ဒဏ်ရာရရှိနေခဲ့တာဖြစ်တယ်လို့ ပဒိုစောအယ်နားက ဆက်ပြောပါတယ်။

“ တိုက်ပွဲက ၂ရက်ဖြစ်တယ်။ သူတို့က ဒဏ်ရာရတဲ့ စစ်သားတွေဆို ဒီတိုင်းထားခဲ့တယ်။ ကျနော်တို့ဘက်ကတော့ လူသာချင်းစာနာတဲ့အနေနဲ့ ခေါ်သွားပြီး ဆေးကုပေးထားတယ်” လို့သူက အခုလိုပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးကာ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားရှိထားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၁ရက်နေ့နဲ့ ၁၂ရက်နေ့တွေမှာလည်း အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး အပါအဝင် ၄ဦးသေဆုံးခဲ့ပြီး ၂ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နတ်အိမ်တောင်နယ်စပ်စခန်းကို စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းနဲ့ လာတာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းကတော့ ဆုတ်ခွာသွားပေမယ့် ပြန်လည်စစ်ကြောင်းထိုးဖို့ ရှိနိုင်တယ်လို့ ဆိုပါတယ်။

နတ်အိမ်တောင်ဘက်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်သားတွေဟာ ခလရ ၂၈၂၊ ၂၇၃၊ ၄၀၈၊ ၄၀၉၊ ၄၁၀ တပ်ရင်းတွေက ဖြစ်ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုလို အင်အားလာဖြည့်တာဟာ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်တွေဘက်က နတ်အိမ်တောင် နယ်စပ်စခန်းတခုသာ ကျန်ရှိပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ ပဒိုစောအယ်နားက သုံးသပ်ပြောဆိုထားပါတယ်။




ပုံ− သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ

Post a Comment

0 Comments