ခမရ (၅၄၅) ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အသက် ၅ နှစ်အရွယ်ကလေးအပါ ၆ ဦးသေဆုံး
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့ ခမရ (၅၄၅) ကနေလက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
ဇွန်လ ၁၂ ရက် ညနေ ၆ နာရီလောက်မှာ ခမရ (၅၄၅)တပ်ကနေ လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့လို့ ကော့ဘော်ရွာရှ်ိ နာရေးအလှူအိမ်ဘေး ကျရောက်ပေါက်ကွဲသွားတဲ့အတွက် အသက် ၅ နှစ်အရွယ် နဲ့ ၁၀ နှစ်အရွယ်ကလေး ၂ ဦးအပါ ၆ ဦးထိမှန်သေဆုံးသွားတယ်လို့ ဆိုပါတယ် ။
" ပွဲချင်းပြီးသေတာကတော့ ၃ ယောက် ၊ ကျန်တဲ့ ၃ ယောက်က လမ်းမှာသွားရင်ဆုံးသွားတာ ၊ အဲ့မှာက နာရေးအလှူအိမ်ရှိတယ် အဲ့နားကိုကျသွားတယ်။ အရင်လတွေတုန်းကလည်း ဒရုန်းတွေဘာတွေဝဲတာမျိုးတော့ ပစ်တော့မပစ်ချသွားဘူး" လို့ ကျုံဒိုးမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီနေ့ ညနေလောက်မှာပဲ ခလရ (၅၄၅) တပ်ထဲကိုကာကွယ်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးပစ်ချလိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ အခုလိုလက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်မှုစတင်ပြုလုပ်တာပဲဖြစ်ပါတယ် ။
ခမရ (၅၄၅)ဟာ ကျုံဒိုးမြို့ရှိ အထက (၁) စာသင်ကျောင်းရှေ့မှာတည်ရှိတဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။
အခုလိုစစ်အုပ်စုဟာမကြာခဏလက်နက်ကြီးတွေ နဲ့ ပစ်တာ ၊ ဒရုန်းဗုံးသီးတွေ နဲ့ ကြဲချတာ ၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် ကျုံဒိုးမြို့အပါအဝင် အနီးနားကျေးရွာက ဒေသခံတွေဟာ ဘားအံ ၊ အိန္ဒုစတဲ့မြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်ကြသလို တစ်ချို့ကလည်း ဆွေမျိုးတွေရှိရာ ကျေးရွာတွေဘက်ကို သွားရောက်ရှောင်တိမ်းကြတာ ၃ လနီးပါးရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။
" ကျုံဒိုးလည်းမြို့ပျက်ကြီးလိုဖြစ်လို့ ဘယ်သူမှလည်းပြန်ဝင်မရဲဘူး ဒီလောက်လက်နက်ကြီးတွေပစ်လိုက် ၊ လေယာဉ် နဲ့ ဗုံးကြဲလိုက်နဲ့ ဘယ်တော့မှကိုယ့်အိမ်ကိုယ်ပြန်ရတော့မလဲမသိဘူး ၊ ဒီကြားထဲ သူခိုးတွေကလည်းပေါလိုက်သေး အခုလည်းရွာတွေဘက်မှာနေနေပေမဲ့စိတ်ကမလုံခြုံဘူး လက်နက်ကြီးတွေကျလာမှာကြောက်တယ်" လို့ စစ်ရှောင်နေရသူအမျိုးသမီးတစ်ဦးက ပြောပါတယ် ။
ဇွန်လ ၉ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်သားတွေဟာ ကော့ကရိတ်မြို့နယ်ထဲက ပိုင်ရပ်ကျေးရွာကို လေကြောင်းပစ်ခတ်ခဲ့လို့ ကလေးငယ် (၃) ဦးအပါအဝင်များအပြားထိခိုက်သေဆုံးခဲ့ပါသေးတယ်။
0 Comments