ပေါင်းတည်မှာ ရွာမီးရှို့ပြီး ဒေသခံ ၂၀ ကျော်ကိုဖမ်းလာတဲ့စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး
_By - တင်အောင်(လူထု)
Date - 18 June 2025
ပဲခူး(အနောက်ခြမ်း)၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာကို မီးရှို့ပြီး ဒေသခံတွေကို လူသားဒိုင်းလုပ်ဆင်းလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗျူဟာအမှတ်(၂၁) လက်အောက်ခံ ၃၆၀၁ တပ်ရင်းဆီက သိရပါတယ်။
ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပေါင်းတည်၊ သစ်ပုတ်အုပ်စု၊ နွားသိုးရွာနဲ့ နွေးတောင်ရွာ ကြား ရုပ်ဆိုင်ရွာ ပြည်သူတွေကို လူသားဒိုင်း လုပ်ဆင်းလာတဲ့ တပ်သား(၁၀၀) ခန့်ပါစစ်ကြောင်းကို ၃၆၀၁ Sniper အဖွဲ့နဲ့ တပ်ရင်း စစ်ကြောင်းတို့က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်Shadow က People’s Radio Myanmar ကိုပြောပါတယ်။
" Sniper နဲ့ပစ်တာတယောက် ကျန်တာတွေကတော့ Auto နဲ့ပစ်လို့သေတာတွေပါ။ လူသားဒိုင်းလုပ်ထားတာကအားလုံးပေါင်း ၂၀ ကျော်တယ်။ မနေ့က ၁၇ ရက်နေ့မှာတော့ အဲဒီပြည်သူတွေကို ပြန်လွှတ်လိုက်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲမှာ ကြာမြင့်ချိန် ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းဟာ ဆုတ်ခွါရာလမ်းကြောင်းမှာရှိတဲ့ နွားသိုးရွာနဲ့ နွေးတောင်ရွာရှိ အိမ်တွေပေါ်ကို သေဆုံးအလောင်းတွေကို တင်ကာ နေအိမ်တွေကိုပါ မီးရှို့သွားတယ်လို့ ဆိုပါတယ်။
မီးရှို့သွားတဲ့အတွက် ဒေသခံနေအိမ် ၉ လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး ဇွန်လ ၁၄ ရက်နေ့ကလည်း ရုပ်ဆိုင်ရွာကိုမီးရှို့ခဲ့တဲ့အတွက် နေအိမ် ၂၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။
ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဒေသတွေင်း စစ်ရေးလှုပ်ရှားမှုတည်ငြိမ်နေပြီး နယ်မြေချင်းစပ်ဆက်နေတဲ့ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမထဲကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဖို့အတွက် စစ်ကူအင်အားတွေနဲ့ စုဖွဲ့နေတယ်လို့ ဆိုပါတယ်။
0 Comments