Hot Posts

6/recent/ticker-posts

မင်းလှတိုက်ပွဲတွေမှာ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ရဲမှူးတွေအပါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံး

 မင်းလှတိုက်ပွဲတွေမှာ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ရဲမှူးတွေအပါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံး

By - တင်အောင်(လူထု)
Date - 18 June 2025

ပဲခူး(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲ နှစ်ရက်တာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အကြီးတန်းအရာရှိတွေအပါအဝင် သေဆုံးသူ ၂၀ ဦးထိရှိခဲ့သလို ပြည်သူလူထုသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက် ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ ခန့်ပါ ခလရ-၁ လက်အာက်ခံတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန်(၄၅) မိနစ်အတွင်း စစ်ကောင်စီတပ်အထိနာ ပြန်ဆုတ်သွားတယ်လို့ Myanmar Defense Force ယမန့်နေ့ ဇွန်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အလားတူ အဲဒီနေ့ ညနေ ၅ နာရီခန့်မှာလည်း ရန်ကုန်-ပြည်ကားလမ်း မင်းလှမြို့နယ်၊ စစ်ကွင်းတာဆုံ ဂိတ်ရဲကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီ(၅) ဦးသေဆုံးခဲ့ သလို ဆင်အိုင်ချောင်းပါက်ကနေ စစ်ကူလာတဲ့ အင်အား ၂၅ ဦးခန့်ပါ ဖောကား ၁စီးကိုလည်း ရှမ်းတောကျေးရွာအနီးပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ တယ်လို့ ဖော်ပြပါတယ်။

တိုက်ခိုက်မှုတွေအတွင်းမှာ ခရိုင်ရဲမှူး(၁) ဦး၊ ဗိုလ်မှူးအဆင့်(၁) ဦး အပါရန်သူ(၂၀) ဦးခန့် သေဆုံးခဲ့ပြီး သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း နဲ့ အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူး တို့လည်းသေဆုံးခဲ့ပြီး အတည်ပြုနိုင်ဖို့ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့ နံနက်(၂) နာရီမှာတော့ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ဖားလေးကွင်းကျေးရွာ၊ မြောက်စု ရှိ အသက်(၈၀) အရွယ် အဘွား ၁ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရခဲ့သလို စမ်းတောင်ကွေ့ကျေးရွာပေါ်ကို လက်နက်ကြီးကျည်ကျရောက်တဲ့အတွက်လည်း နေအိမ် ၁လုံး ပျက်စီးကာ နွား ၁ကောင်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဗျူဟာ(၂၂) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ သာယာဝတီခရိုင် အမှတ်(၃) တပ်ရင်း၊ အမှတ်(၁) တပ်ရင်း၏ တပ်ခွဲ(၆)/ ဧရာညီနောင် PDF၊ MDF(Special Force) နဲ့ Asho Chin Defense Force(ACDF) မဟာမိတ်ပူးပေါင်းတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကွင်းတာဆုံတိုက်ပွဲမှာ ဖြတ်သန်းသွားလာတဲ့ ခရီးသွားပြည်သူ ၃ ဦးသေဆုံးမှုကိုတော့ စစ်ကောင်စီဘက်ကပစ်ခတ်မှုလို့ MDF ကထုတ်ပြန်ရေးသားထားပြီး ဒေသတွင်းသတင်းရင်းမြစ်တွေတဲ့ တပ်ဖွဲ့ဝင်အချို့ကတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မှားယွင်းပစ်ခတ်မှုလို့ ပြောဆိုကြပြီး People's Radio Myanmar အနေနဲ့တော့ အတည်ပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

Post a Comment

0 Comments