Hot Posts

6/recent/ticker-posts

ကျောက်ဖြူတွင် ပါရာမော်တာဖြင့် စစ်တပ် ဗုံးကြဲ၊ ဒေသခံ ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရ

 ကျောက်ဖြူတွင် ပါရာမော်တာဖြင့် စစ်တပ် ဗုံးကြဲ၊ ဒေသခံ ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရ

By – အန်နာ
Date – February 4, 2026

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက ပါရာမော်တာ အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် ကျောက်ဖြူမြို့နယ်၊ ငပုချွိန်ကျေးရွာကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဆိုသည်။

“ကျေးရွာအတွင်းကို လာချသွားတယ်။ ပါရာမော်တာ တစ်စီးနဲ့ ဗုံး ၅ လုံး ကြဲချသွားတယ်။ သက်ကြီးပိုင်းတစ်ဦး သေသွားတာပေါ့။ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်ရသွားတယ်” ဟု ဆိုသည်။

သေဆုံးသူမှာ ဦးခိုင်အောင် (၈၅) နှစ်ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများမှာ ဦးခင်မောင်ချေ (၆၀) နှစ်နှင့် ဦးသိန်းကျော် (၆၅) နှစ်တို့ ဖြစ်ကြသည်။ လက်ရှိတွင် ၎င်းတို့ကို နီးစပ်ရာဆေးခန်းများတွင် ဆေးကုသမှု ခံယူနေကြကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ ဗုံး ၅ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာအတွင်းမှ နေအိမ် ၂ ဆောင်မှာလည်း မီးလောင်းပျက်စီးသွားသည်ဟု သိရသည်။

“ကျေးရွာအတွင်းမှာက နေအိမ်နှစ်ဆောင်က လုံးဝ မီးလောင်းသွားတယ်။ အကုန်ပါသွားတယ်။ နေအိမ်ကလူတွေကတော့ အထိအခိုက်မရှိဘူး။ အိမ်ကတော့ ပြာကျသွားတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလုံနေသည့် စာသင်ကျောင်းကို အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ၄ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။


Post a Comment

0 Comments