Hot Posts

6/recent/ticker-posts

ပုလောမြို့က စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးခေါ်ဆောင်လာချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်း

 ပုလောမြို့က စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးခေါ်ဆောင်လာချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်း


By−နော်အယ်နီး
Date- December 16, 2025

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်တွေဘက်က ဖမ်းဆီးခေါ်ဆောင်လာချိန် ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူကတော့ အသက် ၅၈နှစ်အရွယ်ရှိ စစ်ကော်မရှင်တပ်က ခန့်အပ်ထားတဲ့ ပုလောမြို့ အမှတ်(၁)ရပ်ကွက်အုပ်အုပ်ချုပ်ရေးမှူး မိုးနိုင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၅ရက်နေ့၊ နေ့လည် ၁နာရီလောက်မှာ အမှတ်(၁)ရပ်ကွက်မှာရှိတဲ့ ဦးမိုးနိုင်ရဲ့နေအိမ်ကို တော်လှန်ရေးတပ်တွေဘက်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခေါ်ဆောင်လာတဲ့တာ ဖြစ်တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်လာတဲ့လမ်းမှာ စစ်ကော်မရှင်တပ်သားတွေဟာ အနောက်ကနေ ထပ်ကြပ်မကွာလိုက်လံပစ်ခတ်တာကြောင့် ထိတွေ့တိုက်ပွဲ ၅မိနစ်လောက် ဖြစ်ပွားခဲ့သေးတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“ သူအုပ်ချုပ်ရေးမှူးဖြစ်ခဲ့တဲ့အချိန်ကိုတော့ အတိအကျမသိပါဘူး။ သူ့ကို စစ်ဆေးမေးမြန်းဖို့အတွက် သွားဖမ်းတာပါ။ အမှတ်(၁)ရပ်ကွက်အနီးမှာ ပုလောမြို့မရဲစခန်းရှိပါတယ်။ အဲ့ကနေလိုက်လာတာ။ အနောက်ကလိုက်ပစ်တော့ ပြန်ပစ်ကြတာ” လို့သူက အခုလိုပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း ဦးမိုးနိုင်ဟာ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် တော်လှန်ရေးတပ်တွေဘက်က ပစ်ခတ်လိုက်တဲ့အချိန် ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ သူက ပစ်ခတ်မှုဖြစ်နေတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့လုပ်တော့ ကျနော်တို့ ဘက်က လုံခြုံရေးအတွက် မလွှဲသာလို့ ပစ်လိုက်ရတာ ထိပြီးသေသွားတယ်။ စစ်သားတွေတော့ သေတာမရှိပါဘူး” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ စစ်ကော်မရှင်တပ်ရဲ့ အဓိကထောက်တိုင်ဖြစ်ပြီး ဒေသခံလူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာအပြင် သူ့ရဲ့မိသားစုဝင်တွေကလည်း မူးယစ်ဆေးဝါးတွေကို ဖြန့်ဖြူးရောင်းချနေတာဖြစ်တယ်လို့ ပုလောဒေသခံတစ်ဦးက ပြောပါတယ်။

“ သူစစ်မှုထမ်းစုဆောင်းတာကတော့ ၁၀ယောက်လောက်ရှိတာပေါ့။ ရပ်ကွက်တွေထဲမှာ ဆေးလည်းရောင်းတယ်။ အုပ်ချုပ်ရေးမှူးအိမ်ကဆိုတော့ လုပ်ချင်တိုင်းလုပ်လို့ရနေတာ။ သူသေသွားတော့လည်း ကောင်းတယ်။ သူ့ကြောင့် ဖမ်းခံရတဲ့သူတွေ၊ ဒုက္ခရောက်တဲ့သူတွေချည်းဘဲ့” လို့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ရက်နေ့ကလည်း ကျောက္ကာကျေးရွာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဌ ဦးကြည်သန်းဆိုသူကိုလည်း ဝင်ရောက်ဖမ်းဆီးတဲ့အချိန် ပြန်လည်ခုခံ ပစ်ခတ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။



Post a Comment

0 Comments