ဥတ္တူရွာမှာ စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးပြီး နေအိမ်တွေနဲ့ ကားတစ်စီးကို မီးရှို့ဖျက်ဆီး
−
By− နော်အယ်နီး
Date- August 18, 2025
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာမှာ စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးပြီး နေအိမ်တွေနဲ့ ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၇ရက်နေ့က ဥတ္တူကျေးရွာထဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက နေအိမ်တချို့နဲ့ ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သရက်ချောင်းဒေသခံတစ်ဦးက ဆိုပါတယ်။
“ စစ်ကြောင်းလာနေပြီဆိုတာကြားတာနဲ့ ထွက်ပြေးရတယ်။ အိမ်ကတော့ ဘယ်နှလုံး ပါသွားမှန်းမသိသေးဘူး။ ရွာထဲမဝင်ရဲဘူး။ ကားလည်းဘယ်သူ့ကားဆိုတာ မသိရသေး” လို့သူက အခုလိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ရွာထဲမှာ ကျန်ရှိနေတဲ့ ဒေသခံ ၁၀ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခဲ့သေးတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့အပတ်လောက်ကတည်းက ကျောက်လှေကား၊ စောဖျားရွာနဲ့ ဥတ္တူရွာတွေဘက်ကို စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်ရောက်နေခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
အခုလက်ရှိမှာလည်း သရက်ချောင်းမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့ ပစ်ခတ်တာတွေ ရှိနေခဲ့ပေမယ့် တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဥတ္တူ၊ ကျောက်လှေကား၊ စော်ဖျားရွာနဲ့ အနီးဝန်းကျင်ရွာတွေက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံ− ဥတ္တူရွာ
0 Comments