ရန်တောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် ၅ဦးသေဆုံး
−By− နော်အယ်နီး
Date- July 3, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရန်တောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၃၀ရက်နေ့၊ နေ့လည် ၁၁နာရီလောက်မှာ အင်အား ၁၀၀လောက်နဲ့ ရန်တောင်ရွာဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို အလစ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၆နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ ၂၉ရက်နေ့ကတည်းက ထားဝယ်ကနေ မြေတင်ကား ၂စီးနဲ့ဆင်းလာပြီး တပ်စွဲနေတာ။ ၃၀ရက်နေ့မှာတော့ ရွှေဂူတောင်ဂိတ်ကနေ အင်အား ၅၀လောက်ထပ်ဆင်းလာတယ်။ ထိတွေ့မှု ဖြစ်တဲ့အချိန် ရန်တောင်ကို ၃၀ရောက်လာပြီး ၂၀က သင်းကျွန်းရွာမှာ ကျန်ခဲ့တယ်” လို့သူက အခုလိုပြောပါတယ်။
၆နာရီကြာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်သား ၅ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့တာကို မျက်မြင် အတည်ပြုနိုင်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
“ စနိုက်ပါနဲ့အရင်ပစ်တာ။ ရန်တောင်ရွာလယ်ကျောင်းရှေ့မှာက စစ်သား အလောင်း ၃လောင်းထုတ်ထားပြီး ဘိုးဘိုးရှင်ကြီးကျောင်းကျော်မှာက ၂လောင်းထုတ်ထားတာ။ သူတို့ကို Vigo ကား၂စီးနဲ့ လာသယ်ပြီး သရက်ချောင်းဘက်ကိုယူသွားတယ်” လို့သူက ပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၃၀ရက်နေ့၊ ညနေ ၆နာရီလောက်မှာတော့ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို တပ်ပြန်ဆုတ်သွားတဲ့အချိန် ဒေသခံ၃ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဖမ်းခံရတဲ့ သူတွေကိုတော့ ရွှေဂူကျေးရွာအရောက်မှာ ပြန်လွတ်ပေးလိုက်ပြီး စစ်ကောင်စီတပ်တွေကတော့ ထားဝယ်ဘက်ကို ပြန်တက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်းနဲ့ ရွှေဂူတံတား စစ်ဆေးရေးဂိတ်တွေကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးနေခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရန်တောင်ရွာခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
အခုလက်ရှိမှာတော့ စစ်ကြောင်း ပြန်ဆုတ်သွားပြီဖြစ်လို့ ဒေသခံအချို့ကတော့ ရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်နေပေမဲ့ တချို့ဒေသခံတွေက ဆက်လက် ရှောင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်း၊ ဒေါင်းညီနောင် ဒရုန်းတပ်ဖွဲ့၊ KNLA တပ်ရင်း (၁၂)တပ်ခွဲ(၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
0 Comments