Hot Posts

6/recent/ticker-posts

စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ထားဝယ်မြို့နယ်က ဒေသခံ ၂၀၀၀ကျော် ထွက်ပြေးနေရ၊

စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ထားဝယ်မြို့နယ်က ဒေသခံ ၂၀၀၀ကျော် ထွက်ပြေးနေရ၊ 

By− နော်အယ်နီး

Date- July 2, 2025


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရန်တောင်ကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံ ၂၀၀၀ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 


ဇွန်လ ၂၉ရက်နေ့က စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၀၀ကျော်လောက်နဲ့ ရန်တောင်ရွာထဲကို ရောက်ရှိလာတာဖြစ်ပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပေါ်မှာ ဝင်ရောက် တပ်စွဲနေထိုင်နေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 


စစ်ကြောင်းဝင်ရောက်လာတာကြောင့် ရန်တောင်၊ သင်းကျွန်း၊ စော်ဖျား၊ ညောင်ဇင်စတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 


“ ကျနော်တို့က စစ်သားတွေရွာထဲကို စရောက်တဲ့ နေ့ကတည်းက ထွက်လာလိုက်တာ။ မနေရဲဘူး။ ကျန်ခဲ့သူတွေလည်း ကျန်ခဲ့တာပေါ့။ နောက်ရက်တိုက်ပွဲဖြစ်တော့ ကျန်တဲ့သူတွေပါ ပြေးရတာပေါ့” လို့သူက ပြောပါတယ်။ 


စစ်ရှောင်တွေထဲမှာ အသက်ကြီးပိုင်းတွေနဲ့ကလေးငယ်တွေလည်း ပါဝင်ပြီး အခုလက်ရှိ ထားဝယ်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် နေရာထိုင်ခင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။ 


“ မိုးကအရမ်းရွာနေတာ။ အလုပ်တွေဆိုလည်း ပုံမှန်လုပ်လို့ မရနေဘူး။ လယ်တွေဆိုလည်း ဒီတိုင်းဘဲ့ ပစ်ထားရတယ်” လို့သူက ပြောပါတယ်။ 


ဇွန်လ ၃၀ရက်နေ့က ရန်တောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးခဲ့ပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရန်တောင်ရွာခံ အမျိုးသမီးတစ်ဦးရဲ့ လက်မှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးတယ်လို့  သိရပါတယ်။ 


ပြီးခဲ့တဲ့မေလက တနင်္သာရီတိုင်းအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ဦးရေ ၈၀၈၀၀ ရှိခဲ့တယ်လို့ FE5 Thanintharyi ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ 


ပုံ− ရန်တောင်ရွာကစစ်ရှောင်များ


Post a Comment

0 Comments