Hot Posts

6/recent/ticker-posts

မင်းလှမှာ PDF (၅) ဦး အရှင်ဖမ်းဆီးသတ်ဖြတ်ခံရပြီး တိုက်ပွဲအတွင်း ၂ ဦးထပ်သေဆုံး

 မင်းလှမှာ PDF (၅) ဦး အရှင်ဖမ်းဆီးသတ်ဖြတ်ခံရပြီး တိုက်ပွဲအတွင်း ၂ ဦးထပ်သေဆုံး


By - တင်အောင်(လူထု)
Date- June 21, 2025

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စု၊ တောင်ပြတ်ရွာတိုက်ပွဲမှာ PDF ရဲဘော် (၅) ဦးဟာ အရှင်ဖမ်းဆီးခံရပြီးနောက် ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်အစော တောင်ပြတ်ရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်ရင်း-၃၈၀၃ နဲ့ ၃၈၀၁ က ရဲဘော် ၅ ဦးဖမ်းဆီးခံရကာ ပစ်သတ်ခံလိုက်ရပြီး ၂ ဦးကတော့ တိုက်ပွဲအတွင်း သေဆုံး(ကျဆုံး) တဲ့အတွက် အလောင်းကို ပြန်လည်ရခဲ့တယ်လို့ သာယာဝတီခရိုင်တော်လှန်ရေးအင်အားစုဝင် တွေက အတည်ပြုပြောဆိုပါတယ်။

"သတင်းကမှန်ပါတယ်။ အကုန်(၇) ဦးပေါ့ သူတို့အဝိုင်းခံရတယ်။ တခြားတပ်ခွဲတွေက သွားကယ်ထုတ်ဖို့ကြိုးစားခဲ့တယ်။ မလွယ်ခဲ့ဖူး။ ဟိုဘက်ကအင်အားက ၄၀၀ လောက်ရှိတယ်။ ရဲဘော် အလောင်း ၂ လောင်းကတော့ ကျနော်တို့ပြန်ရတယ်ပေါ့" လို့ သာယာဝတီခရိုင် တော်လှန်ရေးအင်အားစုဝင် အမျိုးသားတဦးက ပြောပါတယ်။

မင်းလှမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ရှုံးနိမ့်နေတဲ့အတွက် စစ်ကူအင်အားကို ဖြည့်တင်းထားတာဖြစ်ပြီး တောင်ပြတ်ရွာတိုက်ပွဲမှာတော့ အင်အား (၄၀၀) ခန့်ရှိကာ တိုက်ပွဲအပြီး ရွာကိုလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။

"မနက်(၄) နာရီလောက်မှာ PDF နဲ့ စစ်--တွေတိုက်ပွဲဖြစ်တယ်။ နှစ်ဖက်ထိခိုက်သေဆုံးများပြားပါတယ်။ တောင်ပြတ်ရွာနားမှာပဲ။ မင်းလှအပိုင်ရိုးမတောင်ခြေက ရွာတွေဘက်ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်တယ်သိရတယ်" လို့ ဒေသတွင်းအခြေအနေကို သိရှိထားသူက ပြောပါတယ်။

သေဆုံး(ကျဆုံး) ခဲ့ရတဲ့ ရဲဘော်တွေရဲ့ အသေးစိပ်အချက်အလက်တွေကိုတော့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက ထုတ်ပြန်လာတာမရှိသေးပါဘူး။

စစ်ကောင်စီချန်နယ် တွေမှာ ဇွန် ၂၀ ရက်(ယနေ့) မနက်က မင်းလှမြို့နယ်၊ တောင်ပြတ်ရွာမအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဖြစ်စဉ်မှာ PDF အလောင်း ၅ လောင်း ၊Type-81 ၁ လက်၊ AK-47 ၁ လက်၊ တရုတ်စက်လတ် ၁ လက် ၊MA-1 သေနတ် ၁ လက် ၊ကျည် ၂၀၀ တောင့် ၊၄၀မမ ဗုံးသီး ၆လုံး ၊လက်ပစ်ဗုံး ၁လုံး၊ အီနာဂါ ၁လုံး၊ ကျည်အိမ် ၁၀ ခု တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ရန်ကုန်-ပြည် ကားလမ်း၊ စစ်ကွင်းတာဆုံတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးနဲ့ အရာရှိတွေအပါ ၂၀ ခန့်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွဆီက သိရပါတယ်။



Post a Comment

0 Comments