စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် စော်ဝရွာ သစ်ဆိမ့်ပင်ကျောင်း ဆရာတော် ပျံလွန်တော်မူ
−
By− နော်အယ်နီး
Date- June 2, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ စော်ဝရွာရှိ သစ်ဆိမ့်ပင်ကျောင်းက ဆရာတော်ဟာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်တာကြောင့် ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇွန်လ ၁ရက်နေ့၊ နေ့လည် ၁နာရီလောက်မှာ ထားဝယ်မြို့၊ ရွှေဂူတံတားစစ်ဆေးရေးဂိတ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တာ ဖြစ်တယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ဆိုပါတယ်။
အဲ့ဒီနောက် ညနေ နာရီခွဲလောက်မှာ စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ စော်ဝရွာရှိ သစ်ဆိမ့်ပင်ကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆရာတော်ရဲ့ ဦးခေါင်းမှာ လက်နက်ကြီးစစင်ပြီး ပျံလွန်တော်မူသွားခဲ့တာ ဖြစ်တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
“ ဆေးရုံတောင်ယူမခံဘူး။ ချက်ချင်းဘဲ့ပျံလွန်တော်မူသွားတာ” လို့သူက အခုလိုပြောပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကတော့ သက်တော် ၆၆နှစ်အရွယ်ရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တက္ကန္ဒောဘာသ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်နက်ကြီးကြောင့် ရွှေဂူရွာမှာနေထိုင်တဲ့ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးလည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဂူတံတားစစ်ဆေးရေးဂိတ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
မေလ ၃၀ရက်နေ့နဲ့ ၃၁ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လောင်းလုံးမြို့နယ်က ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၃ဦး သေဆုံးခဲ့ပါသေးတယ်။
0 Comments