" နိုင်ငံမဲ့တွေရဲ့ နေ့စဉ်သောက "
ကိုဂျွန်
ညဖက်အွန်လိုင်းသုံးနေချိန် ဟဲ့ -- ဟိုဖက်ရပ်ကွက်ထဲက အိမ်တန်းလျားတွေထဲ တောမောဝင်စစ်နေ လို့ မီးတွေပိတ်ထားကြ၊ အိမ်တံခါးတွေပိတ်ထားကြဆိုပြီး အသိမိတ်ဆွေတွေက မက်ဆင်ဂျာကနေ သတင်းလှမ်းပို့ကြရင်း သတိပေးကြပါတယ်။
တောမောင်းဆိုတာ ထိုင်းအာဏာပိုင်တွေရဲ့ ဌာနဆိုင်ရာအလိုက် လဝက၊ ရဲ၊ စစ်တပ်၊ ကျေးရွာ/ရပ် ကွက် အုပ်ချုပ်ရေး စတဲ့ အဖွဲ့ပေါင်းစုံတို့က စစ်ဆေးဖမ်းဆီးတာဖြစ်ပါတယ်။
မနက်နဲ့နေ့ခင်းတုန်းကလည်း မဲဆောက်မြို့ထဲက စျေးကြီးနဲ့ မြန်မာဆိုင်အများစုကို တောမောင်း တွေ ဝင်စစ်သွားတာ၊ ဖမ်းတာဆီးတာတွေရှိတယ်ဆိုပြီး သတင်းတွေတော့ တွေ့မိသား။
ဇွန်လ ၁၇ ရက်နေ့ကတည်းက မဲဆောက်မြို့မှာ ဘက်ထရီစက်ဘီး၊ သုံးဘီးဆိုင်ကယ် (ဆန်လော) တွေကို ဖမ်းဆီးပြီး အထောက်အထားမပြနိုင်ရင် ဒဏ်ငွေရိုက်သလို လူကိုပါဖမ်းတရားစွဲတဲ့အထိ လုပ် ပါတယ်။
မဲဆောက်စျေးကြီးဆိုတာ မြန်မာအများစု စျေးရောင်းကြတာဖြစ်ပြီး လမ်းဘေးစျေးသည်တွေလည်း ရှိ ပါတယ်။
ဆိုင်ခန်းခပေးရသလို ထိုင်းရဲကို လိုင်းကြေးလို့ခေါ်တဲ့ စျေးရောင်းခွင့် ပိုက်ဆံပေးထားရပါတယ်။ ထိုင်း နိုင်ငံသားတွေဖွင့်ထားတဲ့ စျေးဆိုင်တွေမှာဆိုရင်လည်း အလုပ်သမားက မြန်မာတွေပါပဲ။ အထောက်အထားလုပ်ထားတဲ့သူတွေရှိသလို မလုပ်ထားရသေးသူတွေလည်း ရှိပါတယ်။
စျေးရောင်းသူအများစုဟာ မြန်မာတွေများပါတယ်။ မဲဆောက်စျေးကြီးအပြင် နေ့အလိုက်ဖွင့်တဲ့စျေး တွေမှာလည်း မြန်မာတွေစျေးရောင်းကြပါတယ်။
မြန်မာအပါအဝင် နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်ခွင့်မရှိတဲ့ အလုပ် ၂၇ မျိုးရှိပြီး ဆိုင် ဖွင့်ပြီးစျေးမရောင်းရတာ၊ အလှကုန်၊ ဆံပင်ညှပ်၊ ခရီးသွားဝန်ဆောင်မှု၊ ကယ်ရီမောင်းတာ စတာတွေ ကို ထိုင်းက ကန့်သတ်ထားပါတယ်။ မြန်မာပြည်ထဲက စားသောက်ကုန်တွေဟာလည်း တရားဝင်ကုန် တွေမဟုတ်လို့ ရောင်းချခွင့်မရှိပါဘူး။
ခုလိုအဖမ်းအဆီးတွေနဲ့ဆိုတော့ မြန်မာအများစုတို့က အိမ်ပြင်တောင်မထွက်ရဲကြတော့ဘူးပေါ့။
ဘာကြောင့်ခုလိုဖမ်းဆီးတာတွေဖြစ်လာတာပါလဲ။
အကြောင်းကတော့ တာ့ခရိုင်ထဲမှာ တရားမဝင်ရွှေ့ပြောင်းမြန်မာနိုင်ငံသားတချို့ဟာ ရာဇဝတ်မှု၊ မူး ယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေရှိနေတယ်လို့ ဒေသခံတွေက လွှတ်တော်အမတ်တွေကို တိုင်ကြားရာ ကနေ စတင်တယ်လို့ဆိုရပါမယ်။
အဲဒီလွှတ်တော်အမတ်တွေက တာ့ခရိုင် မဲဆောက်မြို့ ဒေသခံတွေနဲ့လာရောက်တွေ့ဆုံရာကနေ ခုလိုပြဿနာတွေဖြစ်နေတာပါ။
ဒီတော့ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေ တရားဝင်နေထိုင်ခွင့်အထောက်အထားတွေလုပ်ဖို့ ဆိုတာ တွေကို တင်ပြကြပါတယ်။
အဲဒီအထောက်အထားတွေထဲက ပန်းရောင်ကတ် (အလုပ်လုပ်ကိုင်ခွင့်လက်မှတ်) ကို ထိုင်းအစိုးရ ကမူဝါဒတွေချမှတ်ပြီးလို့ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာပဲ လုပ်လို့ရပါတယ်။ ကိုယ်ကြိုက် တဲ့အချိန်မှာ လုပ်လို့မရပါဘူး။
ပန်းရောင်ကတ်လုပ်ဖို့ ဘတ် ၆ ထောင်နီးပါးလောက်ပဲကျသင့်ပေမယ့် ဘာသာစကား၊ ရုံးဌာနဆိုင်ရာ တွေဆီကိုယ့်အချက်အလက်တွေတင်ပြဖို့ စတဲ့အခက်အခဲတွေကြောင့် ပွဲစားကနေတဆင့်ပဲ လုပ်ကြ ရလို့ ဘတ် ၈ ထောင်ဝန်း ကျင်ကျပါတယ်။ ဒါတောင် လက်ဗွေနှိပ်ဖို့၊ ဆေးရုံမှာဆေးစစ်ဖို့ လူကိုယ် တိုင်သွားရမယ်ဆိုရင် လမ်းစားရိတ်က ခရီးအကွာအဝေးပေါ်မူတည်ပြီး ဘတ် တစ်ရာနီးပါးလောက် က ကုန်ပါသေးတယ်။
နောက်ထပ်ပြဿနာက မဲဆောက်မှာမြေအရောင်းအဝယ်လုပ်ရာမှာ မြန်မာလိုရေးထားတဲ့စာကို လမ်းဘေးမှာတွေ့တော့ အဲဒီလွှတ်တော်အမတ်နှစ်ဦးတို့ကပဲ ထိုင်းနိုင်ငံထဲကမြေတွေ မြန်မာနိုင်ငံ သားတွေက ဝယ်/ရောင်း ခွင့်ရနေပြီလားဆိုတဲ့ ပြဿနာပါ။
နိုင်ငံရေးမတည်ငြိမ်လို့ သူများနိုင်ငံထဲမှာ အခက်အခဲတွေနဲ့နေရသူတွေ၊ ခုလိုနယ်စပ်မြို့လေးမှာ ခိုလှုံ နေကြရသူတွေအဖို့ မြေအရောင်းအဝယ်လုပ်နိုင်သူတွေဆိုတာ မဖြစ်နိုင်ပါဘူး။
ဘန်ကောက်လို့ ချင်းမိုင်လို စီးပွားဖြစ်လုပ်နိုင်တဲ့နေရာတွေလိုမှမဟုတ်ဘဲ။
ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေရွှေ့ပြောင်းနေထိုင်လာကြတာ ဆယ်စုနှစ် ၃ ခုထက်မနည်းရှိနေပါပြီ။
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ပေါများတဲ့ အိမ်နီးချင်း ထိုင်းနိုင် ငံဆီ အများဆုံးလာရောက်လုပ်ကိုင်ကြသလို အခြေချနေထိုင်သူတွေလည်း ရှိပါတယ်။
အခုဆိုရင် ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ၂ သန်းနီးပါးရှိတယ်လို့ ရွေ့ပြောင်းသွား လာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာ တော်လှန်ရေးကြောင့်ရောက်လာကြသူတွေ၊ စစ်ကောင်စီ ရဲ့ စစ်မှုထမ်းဥပဒေထုတ်ပြီးတဲ့နောက် လူငယ်အများစုတို့ ရှောင်တိမ်းရောက်လာကြပါတယ်။
လူတစ်ယောက် မကျင်လည်ဖူးသေးတဲ့ဒေသတစ်ခုမှာ ကျင်လည်နေထိုင်ဖို့ဆိုတာ အချိန်ကာလတစ်ခု တော့ ရင်းနှီးပေးဆပ်ရပါတယ်။
မြန်မာတွေအများစုဖြစ်လာတဲ့ မဲဆောက်မြို့မှာ ဒေသခံထိုင်းနိုင်ငံသားတချို့က မကြိုက်ကြပါဘူး။ အနေအထိုင်၊ အသွားအလာဆင်ခြင်ကြဖို့လိုပါတယ်။ ထိုင်းအာဏာပိုင်တွေက သူတို့နိုင်ငံသားတွေ အတွက် အကာအကွယ်ပေးထားတာမို့ သူတို့နိုင်ငံသားတွေက တိုင်တယ်ဆိုရင် စစ်ဆေးဖမ်းဆီးတာ မျိုးတွေ ဖြစ်လာတတ်ပါတယ်။
ဒီလိုဖမ်းဆီးတာတွေက ခုတစ်ကြိမ်မှမဟုတ်ပါဘူး။ ရန်ဖန်ရန်ခါဖြစ်နေကြပါပဲ။ တစ်ပတ်လောက် ကြာတာရှိသလို နှစ်ပတ်လောက်အထိလည်း ကြာတတ်ပါတယ်။ ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက ဖမ်းဆီးတာတွေလုပ်ခဲ့ပါသေးတယ်။
ဒီတစ်ကြိမ်အဖမ်းအဆီးတွေလုပ်တာကတော့ နေ့စဉ် မနက်ခင်းကတည်းက လူတွေပျားပန်းခတ် စည်ကား တဲ့ မဲဆောက်စျေးကြီး ခြောက်ကပ်သွားတာ တစ်ပတ်ကျော်နေပါပြီ။
မြန်မာအများစုစျေးရောင်းတဲ့ တစ်ပတ်တစ်ခါပဲဖွင့်တဲ့ တနင်္ဂနွေလို စျေးတွေမှာတောင် မြန်မာစျေး သည်တွေ မရောင်းရဲကြတော့သလို လာဝယ်ကြတဲ့မြန်မာအများစုလည်း စျေးမသွားရဲတော့ပါဘူး။
အဓိကကတော့ ထိုင်းနိုင်ငံထဲမှာနေတဲ့ မြန်မာတွေအဖို့ သူများနိုင်ငံက ဥပဒေတွေလိုက်နာဖို့လိုသလို သူ့နိုင်ငံသားတွေနဲ့ သဟဇာတဖြစ်ဖို့ အရေးကြီးပါတယ်။
မဲဆောက်မြို့မှာ မြန်မာနဲ့ထိုင်းတို့ရဲ့ဖြစ်စဉ်တစ်ခုကို ဖောက်သည်ချရမယ်ဆိုရင် ညဦးပိုင်းအချိန် လောက်မှာ မြန်မာတစ်ဦးနဲ့ထိုင်းနိုင်ငံသားတစ်ဦးတို့ ကားမောင်းလာရင်း စကားများအခြေအတင် ဖြစ်ကြပါတယ်။ ကားနှစ်စီးလုံးလမ်းဘေးကားရပ်ထားပြီး ထိုင်းနိုင်ငံသားက ကားပေါ်ကဆင်းကာ မြန်မာနိုင်ငံသားကို ပြောဆိုတာတွေလုပ်ရင်း ပြဿနာလုပ်ပါတယ်။ အနီးနားက မြန်မာအများစုတို့ ရောက်လာကြပါတယ်။ ထိုင်းနိုင်ငံသားကလည်း မြန်မာလူအုပ်ကြောင့် ရဲခေါ်ကာဖြေရှင်းခိုင်းပါ တော့တယ်။ ရောက်လာတဲ့ရဲတွေက ဒီနေရာမှာဘာဖြစ်လို့မြန်မာတွေဒီလောက်များနေရတာလဲ ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
ကိုယ့်နိုင်ငံက တော်လှန်ရေးကာလဖြစ်တာမို့ စစ်ဘေးရှောင်နေရသူတွေ၊ ကုန်စျေးနှုန်းဒဏ် ခါးစည်း ခံနေရသလို အလုပ်အကိုင်ရှားပါးလို့ ဒုစရိုက်လုပ်ငန်းတွေပေါများနေတာမို့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင် နေကြရပါတယ်။
မဲဆောက်မြို့ရောက် နိုင်ငံရေးအရခိုလှုံနေရသူတွေလည်း အဆင်ပြေနေတဲ့သူတွေမဟုတ်ကြပါဘူး။ မဲဆောက်ကမြန်မာတွေ တော်လှန်ရေးကာလအတွင်းမှာ ရေရှည်ရပ်တည်ခွင့်ရဖို့ဆိုရင် ဒေသခံတွေနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်ပါတယ်။
မိတ်ဆွေအသိအကျွမ်းတွေဆီကနေ သတင်းအချက်အလက်တွေဖလှယ်ကြရင်း ကိုယ့်အခက်အခဲ၊ သူ့ အခက်အခဲမခွဲခြားဘဲ ညီညွတ်ပေါင်းစည်းနေထိုင်ကြဖို့လိုအပ်ပါတယ်ခင်ဗျာ။
0 Comments