လောင်းလုံးမြို့နယ်မှာ တစ်ရွာဝင်တစ်ရွာထွက် စစ်ကော်မရှင်တပ်က လူဦးရေစာရင်းကောက်နေ
−
By−နော်အယ်နီး
Date- November 7, 2025
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ်က အင်အားအများအပြားနဲ့ တစ်ရွာဝင်တစ်ရွာထွက် လူဦးရေစာရင်းလိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၆ရက်နေ့၊ မနက်ပိုင်းလောက်မှာ စစ်ကော်မရှင်တပ်တွေအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေဟာ လောင်းလုံးမြို့နယ်၊ ကမြောကင်းရွာကျေးရွာအုပ်စုထဲက ကျေးရွာတွေထဲကို လူဦးရေနဲ့ အိမ်ထောင်စုစာရင်းကို လိုက်လံကောက်ယူနေတာ ဖြစ်တယ်လို့ ကမြောကင်းရွာခံတစ်ဦးက ဆိုပါတယ်။
“ စစ်သားတွေက အရင်ရောက်လာတာ အများကြီးဘဲ့။ ပြီးမှ လဝကတွေရော ထွေအုပ်တွေရော၊ ရွာလူကြီးတွေရော အဖွဲ့စုံပါဘဲ့ ရောက်လာပြီး စာရင်းကောက်တယ်။ တစ်အိမ်တက် တစ်အိမ်ဆင်းမေးတယ်” လို့သူက အခုလိုပြောပါတယ်။
အဆိုပါ စစ်ကော်မရှင်တပ်လက်အောက်ခံ ဝန်ထမ်းတွေဟာ ရွာထဲက နေအိမ်တွေမှာ လူဘယ်နှယောက်ရှိလဲ၊ နေအိမ်မှာမရှိတဲ့သူတွေကို ဘယ်သွားတာလဲ၊ ဘာသွားလုပ်တာလဲ အစရှိတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
ကျေးရွာထဲမှာ လူဦးရေစာရင်း လိုက်လံစာရင်းကောက်ယူနေတဲ့အချိန် စစ်ကော်မရှင်တပ်တွေဘက်က Y12အမျိုးအစားလေယာဉ်နဲ့ ကင်းထောက်နေခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလို စစ်ကော်မရှင်တပ် လူဦးရေစာရင်း လိုက်လံကောက်ယူတာဟာ ရွေးကောက်ပွဲအတွက် လိုက်လံစည်းရုံးနေတာဖြစ်ပြီး မှားယွင်းနေတဲ့ မဲစာရင်းတွေအတွက် ပြန်လည်စစ်ဆေးနေတာ ဖြစ်တယ်လို့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“ သူတို့အချင်းအချင်းကြားထဲမှာ စာရင်းတွေမှားနေတယ်ဆိုပြီး ပြောနေကြတယ်လေ။ မဲစာရင်းမှာက သေသွားတဲ့သူတွေလည်းပါနေတယ်။ အဲ့တာကြောင့် အပေါ်ယံ လိုက်စစ်ပြနေတဲ့သဘောပါ” လို့သူက ပြောပါတယ်။
၂၀၂၅ခုနစ်၊ လာမဲ့ဒီဇင်ဘာလမှာ စစ်ကော်မရှင်တပ်က ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းအတွင်း လောင်းလုံးမြို့နယ်လည်း ပါဝင်ပြီး ကျေးရွာပေါင်း ၁၀၀ကျော်ရှိပါတယ်။
အဆိုပါ ကျေးရွာများအနက် လောင်းလုံးမြို့ပေါ်နဲ့ အနီးတဝိုက်ရွာတွေကို စစ်ကော်မရှင်တပ်တွေက ထိန်းချုပ်ထားပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာတော့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖြတ်တောက် တိုက်ခိုက်နေတာကြောင့် နေ့တိုင်းနီးပါး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာမဟုတ်ဘူးလို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ပုံ− လောင်းလုံးမြို့နယ်
0 Comments