ပကာရီရွာတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပျက်စီး
−
By−နော်အယ်နီး
Date- September 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၄ရက်နေ့၊ ညနေ ၄နာရီလောက်မှာ ပကာရီရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ အင်အား ၁၀၀လောက်နဲ့ တပ်စွဲနေထိုင်နေတဲ့ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးတပ်တွေဘက်က ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပကာရီရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။
နှစ်ဖက်ပစ်ခတ်မှုတွေဟာ စက်တင်ဘာလ ၁၅ရက်နေ့ မနက်အထိ ဖြစ်ပွားနေခဲ့ပြီး နေ့လည် ၁၂နာရီလောက်မှာတော့ စစ်ကော်မရှင်တပ်တွေဘက်က လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကိုလုပ်ဆောင်ခဲ့ပြီး စက်လက်တွေနဲ့ပါ ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ လေကြောင်းတိုက်ခိုက်တာအပြင် အမတ(၃၀၂) တပ်ရင်းကနေလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးနေခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဘုန်ကြီးကျောင်းနဲ့ စေတီပုထိုးတို့ ပြိုကျပျက်စီးပြီး လူနေအိမ်တစ်ဆောင် မီးလောင်ပျက်စီးကာ တခြား အိမ်၃ဆောင်လည်း ကျည်စထိမှန်ပျက်စီးခဲ့တယ်လို့ ရပါတယ်။
ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ကျည်စထိမှန်ဒဏ်ရာရှိခဲ့သေးတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
“ ဘုန်းကြီးကျောင်းဆို ဖြဲဖြဲစင်ဘဲ့ ပြိုကျသွားတာ။ ခေါင်းမိုးတွေလည်း မရှိတော့ဘူး။ အဲ့မှာ တိုက်ပွဲဖြစ်တော့ အဲ့ကိုဘဲ့ ဦးတည်ပြီးတော့ ပစ်တာ။ ဟိုနေ့ ဆုံးသွားပြီဆိုတဲ့ အဖိုးကိုတော့ အသက်ရှင်လျက်ဘဲ့ ပြန်တွေ့တယ်” လို့သူက အခုလိုပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာ မြေမြှုပ်ထားတဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ အလောင်း ၇လောင်းကိုလည်း ရွာသားတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ဓဝယ်အမျိုသားလွတ်မြောက်ရေးတပ်တော် DNLA အနေနဲ့ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက အရှေ့တောနယ်ဒေသကို စစ်ကော်မရှင်တပ်တွေဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့လည်း ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့တာပါ။
ပုံ − လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပျက်စီးသွားတဲ့ဘုန်းကြီးကျောင်း
0 Comments