ရမ်းဖိုရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရ
−By− နော်အယ်နီး
Date- August 8, 2025
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၇ရက်နေ့၊ နေ့လည် ၁နာရီလောက်မှာ ရမ်းဖိုရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေဘက်က သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ညောင်ပင်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် လက်နက်ကြီးကျည်တွေဟာ ရမ်းဖိုရွာထဲကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
“ နှစ်ဖက်ပစ်သံတွေကြားပြီး သိပ်မကြာဘူး။ လက်နက်ကြီးပစ်သံကြားတာဘဲ့။ ကျနော်တို့ဘက်တွေမှာ လက်နက်ကြီးပစ်တာက တိုက်ပွဲဖြစ်မှ မဟုတ်ဘူး။ သူတို့ ပစ်ချင်တဲ့အချိန် ထထပစ်တာ” လို့ တနင်္သာရီဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေထဲက တစ်လုံးဟာ ရမ်းဖိုရွာထဲက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၅နှစ်ဝန်းကျင်အရွယ် ကလေးငယ်နှစ်ဦးနဲ့ အသက် ၄၀ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
“ အိမ်လည်းပျက်စီးသွားတယ်။ ကလေးနှစ်ယောက်ကတော့ သိပ်မစိုးရိမ်ရဘူး။ အမျိုးသမီးကတော့ ခေါင်းမှာ ထိသွားတယ်” လို့သူက ပြောပါတယ်။
ဦးခေါင်ထိမှန်ဒဏ်ရာရရှိသွားတဲ့ အမျိုးသမီးကိုတော့ မြိတ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၅ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၁နှစ်အရွယ် ကလေးတစ်ဦး ကျည်စထိမှန်သေဆုံးခဲ့ပါသေးတယ်။
ပုံ− ရမ်းဖိုရွာ
0 Comments