Hot Posts

6/recent/ticker-posts

မဲဆောက်မြို့ဘက်မှာ မြန်မာမိန်းကလေးတစ်ဦးကို လည်ပင်းကို ဓါးနဲ့လှီး ထွက်ပြေးသွားတဲ့ တရားခံကို ထိုင်းရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ရှာဖွေဖမ်းမိ

 မဲဆောက်မြို့ဘက်မှာ မြန်မာမိန်းကလေးတစ်ဦးကို လည်ပင်းကို ဓါးနဲ့လှီး ထွက်ပြေးသွားတဲ့ တရားခံကို ထိုင်းရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ရှာဖွေဖမ်းမိ

By − People's Radio Myanmar
Date - October 28, 2025
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံးရှိ သန့်စင်ခန်းထဲမှာ အောက်တိုဘာလ ၂၇ ရက်မနက်ပိုင်းက ရုံးဝင်းအတွင်းစားသောက်ဆိုင်တန်းတွင် အလုပ်လုပ်နေသူ မြန်မာရွေ့ပြောင်းအလုပ်သမား မအိအိဖြူကို ထိုင်းနိုင်ငံသားလူငယ်တစ်ဦး အဓမ္မပြုကျင့်ရန်ကြံစည်ပြီး လည်ပင်းကိုဓါးနဲ့လှီးဖြတ်ပြစ်မှုကျူးလွန်ကာ ထွက်ပြေးသွားတဲ့အတွက် တရားခံထိုင်းနိုင်ငံသားကို အသက် ၂၈ နှစ်အရွယ် ထိုင်းနိုင်ငံသား ထမ်မဖတ်ကို မဲဆောက်ရဲတပ်ဖွဲ့ကအောက်တိုဘာ၂၇ ရက်ညပိုင်းမှာ ရှာဖွေဖမ်းဆီးရမိပြီးဖြစ်တယ်လို့ ထိုင်းဒေသခံသတင်းတွေအရသိရပါတယ်။
အဲဒီ တရားခံရဲ့ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၇ ရက် မနေ့မနက်ပိုင်းက မဲဆောက်မြို့၊ မြို့နယ်ရုံးရှိ သန့်စင်ခန်းအတွင်း မအိအိဖြူ အသက် ၂၁ နှစ်ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားရာမှာ လက်မခံတဲ့အတွက် သူမရဲ့လည်ပင်းကို အသင့်ယူဆောင်လာတဲ့ ဓါးနဲ့လှီးပြီး ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ မဲဆောက် ရဲတပ်ဖွဲ့ရဲ့ သရုပ်ပြစစ်ဆေးမေးမြန်းချက်တွေအရ သိရပါတယ်။
အခုလို အကြမ်းဖက်ရန်ပြုခံရသူ အမျိုးသမီးမအိအိဖြူကတော့ လည်ပင်းမှာရရှိခဲ့တဲ့ ဓါးဒဏ်ရာကြောင့် မဲဆောက်ဆေးရုံကြီးမှာအရေးပေါ်ဆေးဝါးကုသမှုခံယူနေရပြီး ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာတော့ မစိုးရိမ်ရလူနာအဖြစ်တက်ရောက်ကုသနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မအိအိဖြူကို အဓမ္မပြုကျင့်ဖို့ကြိုးစားပြီး လည်ပင်းကို ဓါးနဲ့လှီးခဲ့သူ ထိုင်းနိုင်ငံသားဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကလည်း ထိုင်းနိုင်ငံ အတွင်းအဓမ္မပြုကျင့်မှု (၂) ကြိမ် ပြစ်မှုကျူးလွန်ဖူးသူဖြစ်ပြီး အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာတာမကြာသေးဘူးလို့ သူ့ရဲ့ပြစ်မှုမှတ်တမ်းအရသိရပါတယ်။
အခုလို မြန်မာအမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန်အားထုတ်ပြီး ရန်ပြုတိုက်ခိုက်တဲ့ တရားခံထိုင်းနိုင်ငံသားကို ထိုင်းဥပဒေအရ အရေးယူဆောင်နိုင်ဖို့ မဲဆောက်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးရဲလုပ်ငန်းတွေဆောင်ရွက်ပြီးပါက အမြန်ဆုံးစွဲချက်တင်ကာတရားရုံးကိုတင်ပို့ အရေးယူနိုင်ရန်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။



Post a Comment

0 Comments