Hot Posts

6/recent/ticker-posts

ကျောက်နီမော်ကျေးရွာက ပျူစောထီးခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေ

ကျောက်နီမော်ကျေးရွာက ပျူစောထီးခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေ


BY−နော်အယ်နီး
Date- October 27, 2025

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက စစ်ကော်မရှင်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ပျူစောထီးခေါင်းဆောင်ကတော့ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ နေထိုင်တဲ့ ဦးစိုးသန်းဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၁ရက်နေ့၊ နေ့လည် ၁၁နာရီဝန်းကျင်လောက်မှာ အဆိုပါ ပျူစောထီးခေါင်းဆေင်ကို ကျောက်နီမော်ကျေးရွာရှိ သူ့ရဲ့ နေအိမ်မှာ ဒေသတော်လှန်ရေးတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဖက်ဒရယ်ဓူဝံကြယ်အဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ ကျနော်တို့သွားဖမ်းတဲ့အချိန် ခုခံတိုက်ခိုက်တာမျိုးတော့မရှိဘူး။ ထမင်စားပြီး လှဲနေတဲ့အချိန်ဖြစ်နေလို့ပါ။ သူထမင်းစားတဲ့အချိန်ကို ချိန်ပြီးဝင်ဖမ်းလိုက်တာပါ” လို့သူက အခုလိုပြောပါတယ်။

အဆိုပါ ပျူစောထီးခေါင်းဆောင်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကုန်းကြောင်း၊ ရေကြောင်း စိုးမိုးနိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်လုပ်ဆောင်နေသူ တစ်ဦး ဖြစ်တယ်လို သိရပါတယ်။

ဒါ့အပြင် လောင်းလုံးမြို့နယ်ထဲက ကျော်နီမော်ကျေးရွာအပါအဝင် အနီးအနားရွာတွေမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ဓားပြတိုက်တာနဲ့ ငါးဖမ်းလှေတွေမှာ ဆက်ကြေးကောက်ခံတာတွေကို လုပ်ဆောင်ခဲ့တယ်ုလို့ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

လောင်းလုံးမြို့နယ် ဒေသခံတစ်ဦးက “ကျောက်နီမော်ရွာက ပျူစောထီးတွေစုပြီးနေတာလေ။ အဲ့မှာ သူတို့စခန်းရှိတယ်။ သူကိုယ်တိုင် အိမ်တွေကို လိုက်ပြပြီး မီးရှို့တယ်၊ ကောင်မလေးတွေကိုလည်း ခြိမ်းခြောက်ပြီး မဒိန်းကျင့်တယ်။ မကောင်းတာမှန်သမျှအကုန်လုပ်တယ်” လို့သူက ပြောပါတယ်။

အခုလက်ရှိမှာတော့ အဲ့ဒီပျူစောထီးကို တော်လှန်ရေးတပ်ဘက်က စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး သူအဓမ္မပြုကျင့်ထားတဲ့ အမျိုးသမီး ၄ဦး ရှိတယ်ဆိုတာကိုလည်း ထွက်ဆိုထားတယ်လို့ ဖက်ဒရယ်ဓူဝံကြယ်အဖွဲ့ရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ ကျနော်တို့ကတော့ လက်ရှိစစ်ဆေးနေတုန်းပါ။ သူအဓမ္မပြုကျင့်ထားတာ ၄ယောက်လို့တော့ ထွက်ဆိုထားပါတယ်။ ကျနော်တို့ စစ်ဆေးမှုတွေပြီးရင် ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ချမှတ်သွားမှာပါ” လို့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကျောက်နီမော်ကျေးရွာက ပျူစောထီး ကိုနိုင်နိုင်စိုးကို အထူးပြောက်ကျားတပ်ဖွဲ့က လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ အရှင်ဖမ်းဆီးရရှိခဲ့သေးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။



ပုံ− ဖမ်းဆီးခံရတဲ့ပျူစောထီးခေါင်းဆောင်ဦးစိုးသန်း

Post a Comment

0 Comments