လောင်းလုံးမြို့နယ်မှပျူစောထီး ဒုခေါင်းဆောင်တစ်ဦး လက်နက်နဲ့တကွအလင်းဝင်
−
By− နော်အယ်နီး
Date- August 9, 2025
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီး ဒုတိယခေါင်းဆောင် လက်နက်နဲ့ တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်ရောက်လာသူမှာ ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် ကိုလားဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ရက်နေ့ လောင်းလုံးမြို့နယ် (ပကဖ) ဆီဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ လောင်းလုံး ပကဖရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ သူထွက်ပြေးလာတာက ဆိုင်ကယ်နဲ့ လာတာ။ အင်္ကျီ(စွပ်ကျယ်)အဖြူကို အလံဖြူအနေနဲ့ ထောင်ပြီး လာခဲ့တာပေါ့။ သူလာတဲ့ လမ်းတစ်လျှောက်ကို သေနတ်တွေနဲ့ ဖောက်ပြီး အချက်ပေးတဲ့ ပုံစံပေါ့။ ပျူစောထီးတွေ လိုက်လာလို့မရအောင် ကားကို ဖျက်ဆီးထားခဲ့တယ်လို့ ပြောတယ်” လို့သူက အခုလိုပြောပါတယ်။
အဆိုပါ ပျူစောထီးဟာ အလင်းဝင်ရောက်လာတဲ့အချိန် MA 2သေနတ် တစ်တက်၊ ဗုံးသီး ၃လုံး၊ အီနာဂါတစ်လုံး၊ စကားပြောစက်တစ်ခု၊ ကျည်ဘောက် ၂ခုနဲ့ ကျည်ဆံ အတောင်တစ်ရာကိုလည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
သူဟာ အာဏာမသိမ်းမီကာလက ကျောက်နီမော်ကျေးရွာမှာဘဲ့ လုပ်ကိုင်စားသောက်သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာတော့ ပျူစောထီးအဖွဲ့ထဲကို ဝင်ရောက်သွားခဲ့တာ ဖြစ်တယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ ဘာကြောင့်အလင်းဝင်လဲ ဆိုတော့ ပျူအဖွဲ့ထဲမှာ နှိပ်စက်တာတွေရှိတယ်။ အဲ့လိုလုပ်တာတွေ ခံရတော့ ပျူလုပ်ပြီး လေးနှစ်ကြာတဲ့အချိန်မှာ အလင်းဝင်လာတာ။ သူက လက်နက်တပ်ဆင်တဲ့ အပိုင်းမှာကျွမ်းကျင်တယ်” လို့သူက ပြောပါတယ်။
အခုလက်ရှိမှာတော့ သူ့ကို လောင်းလုံးပကဖထဲ လွတ်လပ်စွာ နေထိုင်ခွင့်ပြုထားပြီး သူ့အနေနဲ့လည်း စစ်ကောင်စီတပ်ကို ပြန်တော်လှန်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျောက်နီမော်ရွာရှိ ပျူစောထီးအဖွဲ့တွေဟာ ပြည်သူတွေဆီကနေ မတရားစက်ကြေးကောက်ခံတာ၊ ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်နေခဲ့တာပါ။
အခုလို စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် အလင်းဝင်ရောက်တာဟာ လောင်းလုံးမြို့နယ်မှာ ပထဆုံးအကြိမ်ဖြစ်တယ်လို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ပုံ−အလင်းဝင်ရောက်လာတဲ့ ပျူစောထီးအဖွဲ့ဝင်
0 Comments